ပဲခူးမြို့တွင် g&g စတိုးဆိုင်သို့ ဝင်ရောက်၍ အနုကြမ်းစီးမှုဖြစ်ပွား

လုယက်​သူကို ရဲကချက်​ချင်း ဖမ်းဆီးရမိ။ ဓါတ်ပုံ - Ko Thant Zin (fb)
ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး၊ ဥဿမြို့သစ်အမှတ်(၂)ရပ်ကွက်ရှိ g&g စတိုးဆိုင်အား အနုကြမ်းစီးသူကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

 အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦးသည် သြဂုတ် ၁၆ ရက်၊ ညနေ(၃)နာရီခန့်က အဆိုပါ g&g စတိုးဆိုင်သို့ ဝင်ရောက်၍ ဝန်ထမ်းအမျိုးသမီးအား ကျင်စက်ဖြင့်တို့ပြီး လုယက်ရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။
 “သူက ဆိုင်ထဲကို ဈေးဝယ်ချင်ယောင်ဆောင်ပြီးဝင်လာတာ။ ဆိုင်က လူရှင်းတဲ့အချိန်ဆိုတော့ တခြားဝန်ထမ်း တွေကလည်း အပြင်မှာထွက်ထိုင်နေကြတာ။ ကျင်စက်နဲ့ထိုးပြီးမေ့သွားရင် လုပြေးဖို့ကြံစည်ထားပုံပဲ။ ကျင်စက် က ဘက်ထရီကုန်နေလား၊ ပျက်နေလားမသိဘူး။ ကောင်မလေးကမမေ့ဘဲ ကြောက်လန့်အော်ပြီး အပြင်ကို ထွက်ပြေးတာ။ အဲဒါနဲ့အနီးနားကလူတွေ ဝိုင်းဖမ်းတာ အနုကြမ်းစီးတဲ့သူ ပြေးချိန်မရလိုက်ဘူး။”ဟု အနီးရှိဈေး ဆိုင်တစ်ခုမှ ကိုသက်ဝင်းက ပြောသည်။

 စတိုးဆိုင်၏ ငွေရှင်းကောင်တာ၌ရှိသည့် ဆိုင်ဝန်ထမ်းအမျိုးသမီးအား အမည်မသိလူငယ်တစ်ဦးက အရိုးအသွား (၇)လက်မခန့်ရှိ ကျင်စက်ဖြင့် ထိုးခဲ့ရာ ဆိုင်ဝန်ထမ်းက ကြောက်လန့်ပြီး အပြင်သို့ ထွက်ပြေးစဉ် အနီးအနား ဝန်းကျင်မှ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။
 “ပဲခူးက လူငယ်ပါပဲ၊ လုယက်ဖို့ကြံစည်စဉ်မှာပဲ ပြည်သူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိလိုက်တာပါ။ သူတစ်ဦး တည်းပါ။”ဟု ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လုယက်ရန်ကြံစည်သူအား ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းက (ပ)၅၀၃/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူးမြို့တွင် g&g စတိုးဆိုင်သို့ ဝင်ရောက်၍ အနုကြမ်းစီးမှုဖြစ်ပွား ပဲခူးမြို့တွင် g&g စတိုးဆိုင်သို့ ဝင်ရောက်၍ အနုကြမ်းစီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.