g&g စတိုးဆိုင် (၅) ဆိုင် ဓားပြတိုက်ခံရမှု၊ တရားခံများ ဖမ်းဆီးရမိ


ပြီးခဲ့တဲ့ သြဂုတ်(၁၁)ရက် မနက်လင်းအားကြီး (၂)နာရီ (၄၀)မိနစ်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း g&g စတိုးဆိုင်ကို ဓားပြတိုက် လုယက်သွားသူတရားခံတွေ ဖမ်းဆီးရမိပြီးနောက် ဆက်လက်စစ်ဆေးရာ ကနေ g&g စတိုးဆိုင် ဓားပြတိုက် လုယက်ခံရမှု စုစုပေါင်း (၅) မှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 တရားခံ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုတွေကတော့ (၂၀၁၇)မတ်လ (၁၈)ရက် မနက်(၄)နာရီခွဲမှာ အလုံမြို့နယ် ငုဝါလမ်း g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ ဇူလိုင်လ အတွင်း မနက် ၂နာရီ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်က g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ သြဂုတ်(၁) ရက် မနက်(၂)နာရီ မရမ်းကုန်းမြို့နယ် အမှတ်(၁) ကျန်စစ်သားလမ်း g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ သြဂုတ်(၁၁)ရက် မနက်(၁)နာရီ မရမ်းကုန်းမြို့နယ် အင်းစိန်လမ်းနဲ့ ရေခဲလမ်းဒေါင့်က g&g စတိုးဆိုင် ဓားပြတိုက်ခံရမှု၊ သြဂုတ်(၁၁)ရက်နေ့ မနက် (၂)နာရီ (၄၀)က စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်း g&g စတိုးဆိုင် ဓားပြတိုက်ခံရမှုတွေပဲ ဖြစ်ပါတယ်။

 ဓားပြတိုက် လုယက်သူတွေဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြပြီး အုပ်စုလိုက်၊ ကားတစ်စီး အသုံးပြုကာ ဓားပြတိုက် လုယက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။

 ပြစ်မှုကျူးလွန်ရာမှာ အရောင်းစာရေးဝန်ထမ်းကို ဓားနဲ့ထောက်၊ ကျန်တဲ့သူတွေက အံဆွဲထဲက ရောင်းရငွေနဲ့ တယ်လီဖုန်း ငွေဖြည့်ကတ်တွေအပြင် ဆိုင်တွင်းရှိနေသူတွေရဲ့ မိုဘိုင်းဖုန်း၊ ၀န်ထမ်းတွေရဲ့ လက်ဝတ်လက်စား စတာတွေကို လုယက်ခဲ့ကြတာ ဖြစ်ပါတယ်။

 အခု ဓားပြမှုတွေနဲ့ ပတ်သက်ပြီး စမ်းချောင်း g&g စတိုးဆိုင် အမှုမှာ ဖမ်းမိထားတဲ့ စည်သူလွင်၊ (၁၈)နှစ်၊ အာယုကျော်၊ (၂၃)နှစ်၊ ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်(၁၉)နှစ်၊ နဲ့ ကျော်ထူး(ခ)လှမျိုးနိုင်(၁၈)နှစ်တို့ လေးယောက်အပြင် နောက်ထပ် ဇင်ကိုထူး(ခ) အငယ်ကောင်(ခ)ဂွက်ကြီး (၂၄)နှစ်၊ ရဲတင့်ဆွေ(ခ)၀က်ကြီး၊ ပြောင်ကြီး(ခ)ကျော်မျိုးဝေ (၂၀)နှစ် တို့ကို ဖမ်းဆီးရမိလို့ စုစုပေါင်း လူငယ် (၇) ယောက် ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။

 ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် နှစ်ယောက်ဖြစ်တဲ့ ရှောင်ပေါင်း(ခ)ဝေရှောင်ပေါင်း
(ခ)ပြည့်ဖြိုးအောင်နဲ့ ဆိုးပေ(ခ)အောင်ဖြိုးကျော်တို့ နှစ်ယောက်ကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေတယ်ဆိုပြီး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 လက်ရှိ g&g စတိုးဆိုင် ဓားပြတိုက်ခံရမှုတွေကို ကြည့်ရင် တစ်ချို့ အမှုတွေကို အမှုဖွင့်ခဲ့ပြီး၊ တစ်ချို့ အမှုတွေကိုတော့ တရားခံ ဖမ်းဆီးရမိ၊ ၀န်ခံပြီး နောက်မှ အမှုဖွင့်ထားတာတွေလည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ (၂၀၁၇)မေလ (၂) ရက် ည(၉)နာရီလောက်က မင်္ဂလာဒုံလေဆိပ်နားမှာ ကားတစ်စီးကို ဓားပြတိုက်တဲ့ တရားခံတွေကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီးရင်း အဲဒီအဖွဲ့တွေက ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လုယက်မှု ဓားပြမှု (၂၈) မှုကျူးလွန်ထားတာကို တရားခံတွေရဲ့ ၀န်ခံချက်ကနေတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီသတင်းကို Central News Bureau က သတင်းပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
g&g စတိုးဆိုင် (၅) ဆိုင် ဓားပြတိုက်ခံရမှု၊ တရားခံများ ဖမ်းဆီးရမိ g&g စတိုးဆိုင် (၅) ဆိုင် ဓားပြတိုက်ခံရမှု၊ တရားခံများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.