တပ်မတော်မှ ပစ်သတ်ခဲ့သည့် မန်နိမ်းဒေသခံတစ်ဦးအတွက် နစ်နာကြေး ၅ သိန်းသာပေးသည်ဟု သိရ


သြဂုတ် ၅ရက်၊ မားနဂါး၊ ကွတ်ခိုင်။

၂ဝ၁၇ ခုနှစ် သြဂုတ်လ ၅ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်းကျေးရွာတွင် အစိုးရတပ်မတော် တပ်မ ၁၁ စစ်ကြောင်းမှ မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့ပြီး ကျန်ရစ်သူ မိသား စုဝင်များကို နစ်နာကြေးအဖြစ် ကျပ် ၅ သိန်းသာ ပေးသွားသည်ဟု သိရသည်။

မိုင်းအိုက်ညီ၏ ဖခင်ဖြစ်သူ တားကန်ခမ်းက "ကျနော်ဘာမှ မတတ်နိုင်ဘူး စကားတောင် ပြောမထွက်နိုင်ဘူး နစ်နာ ကြေးတော့ လာပေးပါတယ်။ လူတစ်ယောက်လုံး ဆုံးရှုံးတာ လူတစ်ယောက်အသက်ကို ငါးသိန်းနဲ့ပဲ ကျေနပ်ရတယ် အဲဒီငွေက သူ့ရဲ့နာရေးအတွက်တောင် မလောက်ဘူး" ဟု မားနဂါးသတင်းဂျာနယ်သို့ သြဂုတ် ၈ ရက်တွင် ပြောသည်။

ပစ်သတ်ခံရသူ မိုင်းအိုက်ညီသည် ၎င်း၏ဇနီးနှင့်အတူ မီးသွေးအိတ်သွားထမ်းရာမှ တပ်မတော်စစ်ကြောင်းနှင့်တိုးပြီး စစ်ကြောင်းက ရပ်ခိုင်းရာမှ ၎င်းက ကြောက်လန့်ကာ ထွက်ပြေးသည့်အတွက် တပ်မတော်စစ်ကြောင်းက သေနတ်ဖြင့် ပတ်ခတ်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"ကျနော်ကအသက်ကြီးပြီ လုပ်ကျွေးမယ့်သူဆိုလို့ သားပဲရှိတယ် အဲလိုအဖြစ်ဆိုးနဲ့ကြုံရတော့ ကျနော်လည်း ဘယ်လို လုပ်ရမှန်းကို မသိတော့ဘူး ရင်ကွဲမတတ်ဖြစ်တယ် ကျနော်တို့ သာမန်ပြည်သူတွေက ဘယ်စစ်သားမဆိုတွေ့ရင် ကြောက်တာပဲ ထွက်ပြေးမှာပဲ သူလည်းကြောက်လို့ထွက်ပြေးတယ် အဲကြောင့် ဒီလိုအဖြစ်ဆိုးနဲ့ကြုံရတယ်" ဟု တား ကန်ခမ်းက ဆက်ပြောသည်။

မန်နိမ်းရွာ ဒေသခံအမျိုးသားတစ်ဦးက "တပ်မတော်စစ်ကြောင်း တပ်မ (၁၁) က လော့ခွမ်ဘက်ကလာတယ် သေသွား တဲ့အိုက်ညီက သူတို့မီးသွေးသွားဖုတ်တယ် မီးသွေးအိတ်တွေထမ်းလာတယ် စစ်ကြောင်းက သူနဲ့တိုးတော့ ရပ်ခိုင်း တယ် သူလည်းလန့်တာပေါ့ စစ်သားဆိုတော့ ကြောက်တာပေါ့ သူမရပ်ဘဲနဲ့ ထွက်ပြေးတယ် ဟိုကလည်း သေနတ်နဲ့ ပစ်ထည့်လိုက်တယ်" ဟု ပြောပါသည်။

Photo- Mai Yewin Naing
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
တပ်မတော်မှ ပစ်သတ်ခဲ့သည့် မန်နိမ်းဒေသခံတစ်ဦးအတွက် နစ်နာကြေး ၅ သိန်းသာပေးသည်ဟု သိရ တပ်မတော်မှ ပစ်သတ်ခဲ့သည့် မန်နိမ်းဒေသခံတစ်ဦးအတွက် နစ်နာကြေး ၅ သိန်းသာပေးသည်ဟု သိရ Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.