ပစ်သတ်ခံရသည့် မန်လန်းရွာသားတစ်ဦးအတွက် နစ်နာကြေး ၁ဝ သိန်းသာပေးသေး


သြဂုတ် ၉ရက်၊ မားနဂါး၊ နမ့်ဆန်။

တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် နောင်ချိုအခြေစိုက် အစိုးရတပ် တပ်မတော်က ဒေသခံများကို ဝင်ရောက် စစ်ဆေးရိုက်နှက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ပျက်စီးသွားသည့်ဒေသခံများ၏ ပစ္စည်းတချို့ကို တပ်မတော်ဘက်က လျော်ကြေးပြန်ပေးမည်ဟု ကတိပေးထားသော် လည်း သြဂုတ်လ ၂ ရက်အထိ ၁ဝ သိန်းသာပေးသေးကြောင်း ဒေသဦးစီးဥက္ကဌက ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးဝင်းကျော်က "ဆယ်သိန်းတော့ပေးပြီးပြီ သေသွားတဲ့လူအတွက် ခု နှစ်သိန်း ပစ္စည်းပျောက်တဲ့လူ သုံးသိန်း ခက်တာက အဲဒီတပ်တွေက ပြောင်းသွားကြပြီ။ ခဏခဏချိတ်ရတယ် သူတို့ကို ကျနော်တို့ ညှိပြီးပြီ။ နှစ်ဖက်လုံးကျေနပ်ပြီ တပ်ဘက်က တစ်ဖြည်းဖြည်းနဲ့ပေးသွားပါ့မယ်လို့တော့ ပြောတယ်" ဟု မား နဂါးသတင်းဂျာနယ်သို့ ပြောသည်။

ဇွန်လ ၂၃ ရက်တွင် မန်လန်းကျေးရွာအနီး တအာင်းတပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ ရွာအတွင်း လက်နက်ကြီးများပစ်ခတ်လာသဖြင့် လူနေအိမ်ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဇွန်လ ၂၄ ရက်တွင် ရွာအတွင်းဝင်ရောက်ကာ ဒေသခံများကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ မသင်္ကာသူများကို ရိုက်နှက်ခဲ့ရာမှ အ သက် ၃၇နှစ်အရွယ် အိုက်ကျော်ဆိုသူ သေဆုံးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အသက် ၂၅ နှစ်အရွယ် ရွာခံအမျိုးသားတစ်ဦးက "ကျနော်က တင်ပါးမှာ အရိုက်ခံရတယ် ကြိုးချည်ပြီးတော့ကို ရိုက် တယ် လက်တီးတွေနဲ့ထိုးတယ် ကျနော့် ညာဘက် ချိုင်းအောက် အခုထိ တစ်ချက်တချက်အောင့်တယ်။ တင်ပါးတစ် ဖက်ယောင်တယ် သူတို့ရိုက်တုန်းကဆို ကျနော်လမ်းတောင် မလျှောက်နိုင်ဘူး" ဟု ရှင်းပြသည်။

အစိုးရတပ်မတော်မှ ပေးသည့်လျော်ကြေးကို ဒေသခံများ မယူသေးဘဲ တောင်းထားသည့်ပမာဏအတိုင်း ပေးပြီးမှသာ ခွဲဝေပေးသွားမည်ဖြစ်သည်ဟု သိရသည်။

မန်လန်းရွာ ဒေသခံအမျိုးသားတစ်ဦးက "ညှိနှိုင်းတုန်းက ၃၆ သိန်းသဘောတူထားတယ် အခုပေးတာ မပြည့်သေးဘူး ဆိုတော့ ကာယကံရှင်တွေက မယူသေးဘူးတဲ့ အားလုံးရှင်းပြီးမှပဲ ယူမယ် အခုက ကိစ္စမပြီးပြတ်သေးဘူးဆိုတော့ အ လုပ်လုပ်ရတဲ့သူတွေအတွက်လည်း အဆင်မပြေဘူး" ဟု ပြောပါသည်။

"အခုရွာခံတွေက စစ်ကြောင်းလို့ကြားလိုက်ရင် ထိတ်လန့်တယ် အခုတောင်မှ ထွက်ပြေးဖို့ ပစ္စည်းတွေအဆင်သင့် လုပ် ထားတဲ့သူတွေ ရှိနေတယ် ကြောက်စိတ်တွေ ရှိနေတုန်းပါ" ဟု ၎င်းက ဆက်ပြောသည်။

ဈေးဆိုင်များနှင့် အိမ်တွင်းပစ္စည်း ပျက်စီးဆုံးရှုံးသွားသည့် ပိုင်ရှင်များမှာ ဦးဟန်သိန်း၊ ဦးလှမြင့်၊ ဦးကျော်လူ၊ ဦးနေတု နှင့် ကျောင်းဆရာမ ဒေါ်ထိုက်ထိုက်လင်းသူတို့ဖြစ်ကြောင်း သိရသည်။

Photo- U Thaw Bhi Tha, Citizen Journalist
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ပစ်သတ်ခံရသည့် မန်လန်းရွာသားတစ်ဦးအတွက် နစ်နာကြေး ၁ဝ သိန်းသာပေးသေး ပစ်သတ်ခံရသည့် မန်လန်းရွာသားတစ်ဦးအတွက် နစ်နာကြေး ၁ဝ သိန်းသာပေးသေး Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.