ဘားအံမြို့နယ်မှာ လူငယ်တစ်စု အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်ပွား


ဘားအံမြို့နယ် ကော့ပရံကျေးရွာ၌ လူငယ်တစ်စုမှ တုတ်၊ ဓါး၊ လက်နက်မျိုးစုံ ကိုင်ဆောင်ပြီး နေအိမ်ဈေးဆိုင်နှင့် ဈေးဆိုင်ရှိပစ္စည်းများအား ရိုက်ခွဲဖျက်ဆီးမီးရှို့သည့်အပြင် နေအိမ်မွေး ဝက်ကိုပါ ဓါးဖြင့် ခုတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ရွှေတောကျေးရွာအုပ်စု ကော့ပရံကျေးရွာ နေသူ ဒေါ်စန်းစန်းဝင်းသည် နေအိမ်နှင့် တွဲလျှက် အိမ်ရှေ့ဈေးဆိုင်တွင် ရှိနေစဉ် သြဂုတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်အချိန် ၄င်း၏သားဖြစ်သူမောင်ငမိုး(ခ)ထွန်မိုးနိုင် သည် တစ်ရွာတည်းနေသိန်းဇော် ၊မှိုင်းဝေ၊ ကျော်ခင်ထွေး၊ အခလိန်း ပါဝင်သော လူငယ်( ၈)ဦးခန့်နှင့် သိန်းဇော်၏ နေအိမ်ရှေ့ကားလမ်းမတွင် စကားများခဲ့ကြပြီး သားဖြစ်သူ မောင်ငမိုး(ခ)ထွန်းမိုးနိုင်မှာနေအိမ်သို့ ညနေ ၄နာရီ ၂၀မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ သားဖြစ်သူရောက်ရှိပြီးမကြာမီ သိန်းဇော် တို့အုပ်စုအဖွဲ့ဖြင့် နေအိမ်ဈေးဆိုင်ရှေ့သို့ရောက်ရှိလာပြီး သားဖြစ်သူမောင်ငမိုး အားထုတ်ပေးရန်ပြောဆိုရာ ဒေါ်စန်းစန်းဝင်းက ရန်ဖြစ်ကြမည်စိုးသောကြောင့် သားဖြစ်သူအား နေအိမ်ထဲတွင်သာ နေထိုင်စေခဲ့ကြောင်း၊ သိန်းဇော်နှင့်အဖွဲ့မှ ဈေးဆိုင်ပေါ်ရှိသစ်သီးများနှင့် ကော်ထိုင်ခုံများအား ရိုက်ချိုးဖျက်ဆီးခဲ့ပြီး သိန်းဇော်မှ ဈေးဆိုင်ခေါင်းရင်းတွင် ကာရံထားသော အင်ဖက်အားမီးရှို့ခဲ့ရာ ဆိုင်မီးလောင်သဖြင့် ဒေါ်စန်းစန်းဝင်း၏ခင်ပွန်းဖြစ်သူ ဦးကြည်ထွန်းမှ မီးများအား လိုက်လံငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက်ဒေါ်စန်းစန်းဝင်းမှ ဖြစ်စဉ်အား ကျေးရွာအုပ်ချုပ်ရေးမှူးဦးစောဘမြင့်ထံ ညနေ ၅နာရီအချိန်သွားရောက် အကြောင်းကြားတိုင်တန်းခဲ့ရာ ၅နာရီ၄၀အချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရဲစခန်းမှူးတို့ရောက်ရှိလာခဲ့ပြီး ဒေါ်စန်းစန်းဝင်းက ၄င်းတို့မိသားစုမှာ တစ်နယ်တစ်ကျေးမှလာရောက်နေထိုင် စီးပွားလာရှာသူဖြစ်သဖြင့် ပြဿနာ အရှည်အရှည်ဖြစ်မည်စိုးရိမ်သောကြောင့် အမှုမဖွင့် လိုကြောင်း ၊နောက်နောင်တွင်သိန်းဇော်တို့အဖွဲ့မှ ပြဿနာမရှာကြရန်အတွက်သာ ထိန်းသိမ်းပေးပါဟု အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့အားပြောကြားခဲ့သည်။


ထိုသို့ပြောကြားခဲ့ပြီးယင်းနေ့ည ၉နာရီခွဲ အချိန်ခန့်တွင်ဒေါ်စန်းစန်းဝင်းသည် နေအိမ်ဈေးဆိုင်ရှေ့တွင်ခင်ပွန်းဖြစ်သူ ဦးကြည်ထွန်း ၊ အိမ်နီးချင်းဖြစ်သူဦးနေလင်း ၊ သားဖြစ်သူ မောင်ငမိုး၊ ချွေးမဖြစ်သူ မအိတို့နှင့်အတူစကားထိုင်ပြောနေကြစဉ် သိန်းဇော်နှင့်လူငယ်တစ်စုတို့မှ တုတ်ဓါး လက်နက်မျိုးစုံ ကိုင်ဆောင်ကာ နေအိမ်ဈေးဆိုင်ရှေ့သို့ ထပ်မံရောက်ရှိလာပြီးသားဖြစ်သူ မောင်ငမိုးအား ထုတ်ပေးရန်ပြောကြားရာဒေါ်စန်းစန်းဝင်းက ငမိုးမှာနေအိမ်တွင်မရှိကြောင်း ပြန်လည်ပြောကြားခဲ့ရာသိန်းဇော်မှ အိမ်ရှိလူများအားလုံး သတ်ပစ်မည်ဟုပြောဆိုသဖြင့် ဒေါ်စန်းစန်းဝင်းတို့
မိသားစုမှာနေအိမ်နောက်ဖေးဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ထိုသို့ထွက်ပြေးတိမ်းရှောင်စဉ် သိန်းဇော်တို့အုပ်စုမှ နေအိမ်ဈေးဆိုင်ရှိ စားသောက်ကုန်ပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများအား ရိုက်ခွဲဖျက်ဆီးခဲ့သည့်အပြင် နေအိမ်နောက်ဘက်၌ မွေးမြူထားသော ဝက်တစ်ကောင်ကိုပါ ဓါးဖြင့်ခုတ်သတ်ခဲ့သောကြောင့် ထုံးအိုင်နယ်မြေရဲစခန်းသို့ ဒေါ်စန်းစန်းဝင်းမှတရားလိုလုပ်တိုင်ကြားရာ ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထုံးအိုင်ရဲစခန်းမှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် ပြစ်မှုကျူးလွန်သူများအားလိုက်လံရှာဖွေ ဖမ်းဆီးရာ သိန်းဇော် ၊၂၈ နှစ်၊ မှိုင်းဝေ ၊ ၂၂ နှစ်၊ကောင်းနီ ၊၁၈ နှစ် အခလိန်း(ခ)ကျော်ရဲခလိန်း၊ ၁၉ နှစ်၊ နှင့်တိုင်းကျော် ၊၁၄ နှစ် တို့အားဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လိုက်လံဖမ်းဆီး ရာ ၄-၈-၂၀၁၇ ရက်နေ့ ည ၈ နာရီကျော်အချိန် ဘားအံမြို့နယ်၊ နောင်လုံကျေးရွာအုပ်စု မြောက်ရွာကြီးကျေးရွာ၊ စကားဝါ ဘုန်ကြီးကျောင်းအနောက်ဘက်ရှိ သင်္ချိင်း ဇရပ်အနီးမှ နန်းသူဇာ နှင့်မသင်္ကြန်ထွန်း တို့နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ထုံးအိုင်နယ်မြေရဲ စခန်းမှူး ရဲအုပ်ညီညီမိုးမှ ဖမ်းဆီးရမိသူများအနက် နန်းသူဇာ၊ ၁၄ နှစ် နှင့်မသင်္ကြန်ထွန်း၊ ၁၅ နှစ်ရှိ အမျိုးသမီးငယ်နှစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့တွင် အုပ်ထိန်းသူမိဘ များအား ခေါ်ယူ၍ ၅-၈-၂၀၁၇ရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ဆုံးမစကားပြောကြား၍ပြန်လည် အပ်နှံခဲ့ကြောင်းသိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံမြို့နယ်မှာ လူငယ်တစ်စု အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်ပွား ဘားအံမြို့နယ်မှာ လူငယ်တစ်စု အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.