မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ တင်ပြ

မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဓာတ်ပုံ- ဆင်ဟွာ)
    ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ်၊ မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မောင်တောဒေသတွင်းဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆောင်ရွက်ရန်၊ နယ်မြေရှင်းလင်းဆောင်ရွက်ချက်များအပေါ် ပြင်ပကစွပ်စွဲချက်များအား မှန်ကန်မှုရှိမရှိစစ်ဆေးရန်၊ ပြည်သူများ၏ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်ရန်၊ ပဋိပက္ခများကြိုတင်ကာကွယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများပေးရန်၊ နောင်အကြမ်းဖက်မှုများထပ်မံမဖြစ်ပွားရန် ဆောင်ရွက်သင့်သည့် အစီအမံများ အကြံပြုပေးရမည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

 မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဓာတ်ပုံ- ဆင်ဟွာ)
 အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့တွင်တင်ပြရမည်ဖြစ်သော်လည်း ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပြန်မည့် အစီရင်ခံစာအား စောင့်ဆိုင်းခဲ့သဖြင့် ၆လကျော်နောက်ကျပြီးမှ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ရကြောင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေကပြောသည်။

ကော်မရှင်အနေဖြင့် အစီရင်ခံစာ၌ အုပ်ချုပ်ရေးဆိုင်ရာ၊ သတင်းမီဒီယာဆိုင်ရာ၊ UNအဖွဲ့အစည်းများနှင့် INGOအဖွဲ့အစည်းများဆိုင်ရာ၊ နိုင်ငံသားစိစစ်ရေးဆိုင်ရာ၊ ဘာသာ/သာသနာရေးဆိုင်ရာ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ၊ အမျိုးသားလုံခြုံရေးဆိုင်ရာနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ၊ နိုင်ငံတကာလုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနှင့် အထွေထွေဟူ၍ အချက် ၄၈ချက်ဖြင့် ခွဲခြားအကြံပြုထားကြောင်း သိရသည်။

မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် တွေ့ရှိချက်များတွင် မောင်တောဒေသသည် လုံခြုံရေးအရ စိတ်ချသည့်အခြေအနေသို့ ရောက်ရှိခြင်းမရှိသည့်အပြင် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်ရန် စနစ်တကျကြံစည်ဆောင်ရွက်နေသည့် ဖြစ်စဉ်များကိုလည်း တွေ့ရှိနေကြောင်း၊ တရားဥပဒေအရ စောင့်ရှောက်မှုများနှင့် ဒေသတွင်း လုံခြုံရေးအတွက် ရေရှည်စီမံမှုများ လိုအပ်ကြောင်း မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၏ အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ပြောကြားသည်။

အဆိုပါ မောင်တောဒေသတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများ ထပ်မံပေါ်ပေါက်လာနိုင်ခြေရှိသဖြင့် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးစောင့်ကြည့်ရေး ညှိနှိုင်းရေးရုံးကို မောင်တောဒေသတွင် ဖွင့်လှစ်ထားရန်၊ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးနှင့် နယ်စပ် ဒုစရိုက်သမားများအား ကိုင်တွယ်ဖြေရှင်းရန် ကော်မရှင်အနေဖြင့် အကြံပေးထားကြောင်း ၎င်းကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ တင်ပြ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ တင်ပြ Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.