တရားမဝင် ရွှေလုပ်သား ၆၀ ကျော်ကို ဖမ်းဆီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ဧရာဝတီမြစ်ဆုံအနီးမှာ ရွှေတူးဖော်နေစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်ဆုံအနီးက တန်ဖရဲရွာဟောင်းတဝိုက်မှာ တရား မဝင် ရွှေတူးနေကြတဲ့ ရွှေလုပ်သား ၆၈ ယောက်ကို တပ်မတော်စစ်ကြောင်းက သြဂုတ်လ ၄ ရက်နေ့က ဖမ်းဆီး ရမိခဲ့ပြီး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ မြန်မာနိုင်ငံ အရပ်ရပ်ကလာရောက် လုပ်ကိုင်သူတွေ ပါဝင်ပြီး ၁၈ နှစ် အောက် အလုပ်သမား ၂ ယောက်လည်း ပါဝင်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက RFA ကို ဒီကနေ့ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျာ အဲဒီရွှေတူးတဲ့ အဖွဲ့ ၁၂ ဖွဲ့ အခုလောလောဆယ် ၆၈ ယောက် ဗမာပြည် အရပ်ရပ်ကပေါ့၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ၁၈ နှစ်အောက် နှစ်ယောက်ပါတယ်၊ ဖမ်းတာက တပ်မတော်စစ်ကြောင်းက ဖမ်းတယ်"

အဲဒီ တရားမ၀င် ရွှေလုပ်သားတွေကို သတ္တုတွင်း ဥပဒေပုဒ်မ ၃၀/ခ နဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူရွှေလုပ်သားတွေဟာ ဒေသအနှံ့က ရခိုင်၊ ကချင်၊ ဗမာ၊ ချင်း စတဲ့ တိုင်းရင်းသား ပေါင်းစုံဖြစ်ပြီး အများစုဟာ ရခိုင်လူမျိုးတွေဖြစ်ပါတယ်။

အခု ဖမ်းမိတဲ့ ၆၈ ယောက်လုံးဟာ ရွှေလုပ်သား ( ကျင်းသား ) တွေဖြစ်ပြီး ရွှေလုပ်ငန်းရှင် လောပန်း တွေကိုတော့ မဖမ်းမိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ ရွှေတူးဖော်လို့ ကျန်ခဲ့တဲ့ ကွင်းပြင် ချိုင့်ဝှမ်းတွေကို ပြုပြင်ပြီး လူလုပ် သစ်တောတွေ ပြန်လည်ဖန်တီးဖို့ အဆိုကို ဆွေးနွေးရာ မှာလည်း ရွှေတွင်းတွေနဲ့ ပတ်သက်ပြီး တိုင်ကြားရင် လက်လုပ်လက်စားတွေကိုသာ ဖမ်းဆီးလေ့ရှိပြီး လုပ်ငန်းရှင်တွေကိုအရေးယူတာ မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြ ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
တရားမဝင် ရွှေလုပ်သား ၆၀ ကျော်ကို ဖမ်းဆီး တရားမဝင် ရွှေလုပ်သား ၆၀ ကျော်ကို ဖမ်းဆီး Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.