ရန်ကုန်တိုင်းအတွင်းရှိ မိဘမဲ့ဂေဟာတစ်ခုမှ ကလေးငယ်(၉) ဦးထွက်ပြေး


ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ် ဖွံဖြိုးရေးလမ်းရှိ ဂရုဏာကလေးများ မေတ္တာရိပ်မွန်ဂေဟာကနေ သြဂုတ်လ(၂၃)ရက်က ထွက်ပြေးသွားတဲ့ ကလေးငယ် (၉)ဦးကို ဩဂုတ်လ (၂၄) ရက်က မုံရွာမြို့ ကားလေးကွင်းအနီး မုံရွာ - ကလေး တမူး သွား ကားဂိတ်ရှေ့ကနေ တွေ့ရှိ ခဲ့တယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်ရဲ့ ပြောပြချက်အရ သိရပါတယ်။

 နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်္သကာလို့ မေးမြန်ရာကနေ တွေ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းလူမှုဝန်ထမ်းရုံးကို ချိတ်ဆက်ကာ ကလေးတွေကို ပို့ဆောင်ခဲ့တယ်လို့ စခန်းမှူး ဒုရဲမှူး ကျင်စိန်က ပြောပါတယ်။ ကလေးငယ်တွေဟာ ဂေဟာကနေ ပိုက်လုံးတွေနဲ့ ရိုက်နှက်တာကိုခံရတဲ့အတွက် ထွက်ပြေးလာတာဖြစ်တယ်လို့ ကလေးငယ်တစ်ဦးက ပြောပါတယ်။

 ထွက်ပြေးလာတဲ့ ကလေးငယ်တွေဟာ အသက် (၁၃) နှစ် အရွယ် (၆) ဦးနဲ့အသက် (၁၅) နှစ်အရွယ် (၃) ဦးဖြစ်ပြီး ချင်းနဲ့ နာဂလူမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။

 ထွက်ပြေးလာတဲ့ ကလေးငယ်တွေကို ပညာသင်ကြားဖို့ အတွက်မိဘတွေက အဲဒီဂေဟာကို ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့်မိဘတွေအနေနဲ့လည်းကလေးတွေအတွက် သေချာစဉ်းစားပြီးမှ ဂေဟာတွေကို ပို့ဆောင်သင့်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းအောင်က အကြံပြုပြောဆိုပါတယ်။

မုံရွာမြို့ကို မရောက်လာဘဲ နယ်စပ်ကို ရောက်သွားပါက ကလေးတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောပါတယ်။ကလေးငယ်တွေကို မိဘဆွေမျိုးတွေနဲ့ ဆက်သွယ်ပြီး နေရပ်ကိုပြန်လည်ပို့ဆောင် ပေးဖို့တွေ စီစဉ်ရမှာ ဖြစ်တဲ့အတွက် မုံရွာ သလ္လာရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု (တတိယ)အဆင့် သလ္လာလူငယ်ဖွံဖြိုးရေး ပရဟိတကျောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သွားရောက်ပို့ဆောင်တဲ့ အခါမှာတော့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် အခုလက်ရှိ ကလေးငယ်တွေကို ဆာလင်းကြီးမြို့နယ်၊ ထနှောင်းကုန်းကျေးရွာရှိ ပညာဒါနဘုန်းတော်ကြီးကျောင်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

လာမယ့် ဩဂုတ်လ (၂၈) ရက်မှာ မုံရွာမြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကလေးငယ်တွေရဲ့ နေရပ်ကို ပြန်လည်ပို့ဆောင်ဖို့နဲ့ ကျောင်းဆက်တက်နိုင်ဖို့ကို ဆွေးနွေးတိုင်ပင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင်ဖြိုး ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ရန်ကုန်တိုင်းအတွင်းရှိ မိဘမဲ့ဂေဟာတစ်ခုမှ ကလေးငယ်(၉) ဦးထွက်ပြေး ရန်ကုန်တိုင်းအတွင်းရှိ မိဘမဲ့ဂေဟာတစ်ခုမှ ကလေးငယ်(၉) ဦးထွက်ပြေး Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.