မကွေးမှာ ရေနံမြေအသစ် နှစ်ခု တွေ့ရှိ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို တွေ့ရစဉ်။ Photo: RFA
မကွေးတိုင်းဒေသကြီး မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေတို့နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ ရေနံမြေကြော အသစ် နှစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြော ပါတယ်။

အဲဒီကိစ္စကို မနေ့က နေပြည်တော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးချုပ်တို့ Video Conferencing Meeting လုပ်ရာမှာ တင်ပြထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

"အကွက်နှစ်ကွက်တွေ့တာ၊ ပထမတစ်ကွက်က အလျားမိုင် ၂၀ နဲ့ အနံ ၃ မိုင်လောက်ရှိတယ်၊ နောက်တစ်ကွက် က အလျား ၉ မိုင်နဲ့ အနံ ၃ မိုင်လောက်ရှိတယ်၊ ဒီနေရာမှာ သေချာပေါက်ရှိနိုင်တယ်၊ တည်ဆဲရေနံမြေနဲ့လည်း တဆက်တစပ်တည်းဖြစ်တဲ့အတွက်ကြောင့် စမ်းပြီးတော့ တူးစေချင်တယ်ပေါ့၊ လုပ်ထုံးလုပ်နည်းအရတော့ ဘူမိဗေဒ ဆာဗေးလုပ်ပြီးတော့ တွက်တာချက်တာလုပ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တင်ပြခဲ့ပြီးပြီ၊ တရားဝင်အားဖြင့် ဒီနေ့ ကျနော်တို့က ဒါတွေ Video Conferencing မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြောခဲ့ပါတယ်၊ ဒါတွေဆောင်ရွက်ပေးပါဆိုပြီး စာတင်လိုက်ပြီ"

အဲဒီ ရေနံမြေအကွက်သစ် နှစ်ကွက်ဟာ အလျား မိုင် ၂၀၊ အနံ ၃ မိုင် ရှိတဲ့ တစ်ကွက်နဲ့ အလျား ၉ မိုင်နဲ့ အနံ ၃ မိုင် လောက်ရှိတဲ့ အကွက်တစ်ကွက်ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီရေနံမြေအသစ်ကို အရင်က မြန်မာ့ရေနံဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်မင်းဆိုတဲ့ ဘူမိဗေဒပညာရှင် တစ်ဦးက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက တွေ့ရှိခဲ့တာဖြစ်ပြီး အခုအစိုးရ လက်ထက်မှ ထုတ်ဖော်ပြောတာလို့ ပြောပါတယ်။

အဲဒီ ရေနံမြေကွက်သစ်တွေကို ပြည်ထောင်စုအစိုးရကို တရားဝင်တင်ပြပြီးပါက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ လာမယ့် ၆ လတာကာလအတွင်း စမ်းသပ်တူးဖော်တာတွေလုပ်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း စေတုတ္တရာနဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အစပ်နားက သတ္တုသိုက် ကျောက်တောင် တစ်ခုကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ ပြောပါတယ်။

အဲဒီကျောက်တောင်က ကျောက်တုံးနမူနာကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးကို ပို့ထားပြီးဖြစ်သလို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနဆီလည်း အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
မကွေးမှာ ရေနံမြေအသစ် နှစ်ခု တွေ့ရှိ မကွေးမှာ ရေနံမြေအသစ် နှစ်ခု တွေ့ရှိ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.