အမုန်းစကားတွေကို ဘာသာပေါင်းစုံ ညီလာခံက ရှုတ်ချ

ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကြီးကို သြဂုတ်လ ၅ရက်နဲ့ ၆ ရက်နေ့တွေက ရန်ကုန်မြို့၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပစဉ်။ Photo: ဒေါက်တာ အရှင်ကောဝိဒသီရိ/ Facebook
ဘာသာတရားကို ခုတုံးလုပ်အသုံးချပြီး အငြင်းပွားတာတွေ၊ အမုန်းပွားစေမယ့် စကားပြောတာတွေနဲ့ မဟုတ်မမှန်ဝါဒဖြန့်တဲ့အပေါ် ထောက်ပံ့ကူညီသူတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံညီလာခံကြီးက သြဂုတ်လ ၈ ရက်နေ့ မနေ့က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

ဘာသာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် လေးစားရေးအတွက် ဒီအချက်ကို ကြေငြာချက်မှာ ထည့်ပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ပါမောက္ခ ဆရာတော် အရှင်ကောဝိဒသီရိ က မိန့်ပါတယ်။

"ဘာသာတရားကို ခုတုံးလုပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်အငြင်းပွားတာတွေရှိပါတယ် အဲဒါတွေ၊ Hate Speech လို့ခေါ်တဲ့ မုန်းတီးတဲ့ စကားတွေပေါ့ ၊ တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်ပြောဆိုတာတွေပေါ့ အဓိက ကတော့ အဲဒါပါပဲ၊ အဲဒါကြောင့်မလို့ အချက်တစ်ချက်အနေနဲ့ ပါတာက ဘာသာတစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားရေး၊ ဘာသာ တစ်ခုနဲ့တစ်ခု မနှောက်ယှက်ရေး ဆိုတဲ့ အချက်ကိုလဲ ဒီအတွက် ထည့်ထားခြင်းဖြစ်ပါတယ်။"

ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကြီးကို သြဂုတ်လ ၅ရက်နဲ့ ၆ ရက်နေ့တွေက ရန်ကုန်မြို့၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီညီလာခံကို အမေရိကန်၊အင်္ဂလန်၊တရုတ်၊ဂျပန်၊အန္ဒိယ၊ သီရိလင်္ကာ စတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံက ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် ပြည်တွင်းပြည်ပ ကပညာရှင် ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ကိုးကွယ်ရာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား အပြန်အလှန် နားလည်မူ လေးစားမူ တည်ဆောက်ဖို့နဲ့ တခြားကိုးကွယ်ရာ ဘာသာတွေရဲ့အရေးကိစ္စတွေ မှာ ၀င်ရောက်စွတ်ဖက် နှောက်ယှက်မှုမလုပ်ပဲ ထိန်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကိုသာ ဦးတည်ကြတာဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ဘာသာရေးခေါင်းဆောင် အသီးသီးက သူတို့ရဲ့ ဘာသာဝင်တွေကို မှန်မှန်ကန်ကန် သိနားလည်လာအောင် ဟောပြောဖို့လိုတယ်လို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ပါမောက္ခရာတော် အရှင်ကောဝိဒသီရိ က မိန့်ပါတယ်။

ဘာသာပေါင်းစုံညီလာခံကြီးကို အန္ဒိယနဲ့ ဂျပန်နိုင်ငံတို့မှာ ပြီးခဲ့တဲ့ နှစ်တွေက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ပြုလုပ်တာဟာ တတိယ အကြိမ်မြောက်ဖြစ်ပါတယ်။

ဒီဘာသာပေါင်းစုံညီလာခံကြီးကို သာသာနာရေးနဲ့ ယဉ်ကျေးမူဝန်ကြီးဌာန ၀န်ကြီးသူရဦးအောင်ကို၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တို့လည်း  တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အမုန်းစကားတွေကို ဘာသာပေါင်းစုံ ညီလာခံက ရှုတ်ချ အမုန်းစကားတွေကို ဘာသာပေါင်းစုံ ညီလာခံက ရှုတ်ချ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.