ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်အိမ်ရာ တိုက်ခန်းအတွင်း ဧည့်နိုင်ငံသားတစ်ဦးပုပ်ပွသေဆုံး


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်အောင်နှင့် အဖွဲ့သည် သြဂုတ် ၁၉ ရက် ည ၁၁ နာရီခန့်က မြို့နယ်အတွင်း ပန်းလှိုင်အိမ်ရာတိုက်ခန်းတစ်ခန်းအတွင်း၌ လူတစ်ဦးသေဆုံးပုပ်ပွနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပန်းလှိုင်အိမ်ရာတိုက်အမှတ် ၉ အခန်းအမှတ်(၂)အတွင်းမှ အပုတ်နံ့များ ရရှိနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းမှ မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲအဖွဲ့ဝင်များက တိုက်ခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာ ဧည့်ခန်းဆိုဖာပေါ်တွင် ပက်လက်အနေအထားဖြင့် အမျိုးသားတစ်ဦးသေဆုံးပြီး ပုပ်ပွနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
သေဆုံးသူမှာ ၄င်းတိုက်ခန်းတွင် နှစ်ရှည်စွာနေထိုင်လာခဲ့သူ တစ်ဦးဖြစ်ပြီး ဧည့်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူ အဘ ဦးလီရှုဖန်၏သား အသက် ၆၂ အရွယ်ရှိ ဦးဉာဏ်ဝင်းဆိုသူဖြစ်ကြောင်း စစ်ဆေးမှုအရ သိရသည်။

ဦးဉာဏ်ဝင်းမှာ မွေးချင်းရှစ်ယောက်ရှိပြီး စတုတ္ထမြောက်သားဖြစ်သည်။ အိမ်ထောင်မရှိလူပျိုကြီးဖြစ်ပြီး အစ်မဖြစ်သူ အသက် ၇ဝ အရွယ်ရှိ ဒေါ်နော်လီနှင့် အတူတကွနေထိုင်ပြီး ၄င်းတွင် သွေးတိုးရောဂါအခံရှိသူဖြစ်ကြောင်း ပတ်ဝန်းကျင်မှ သိရသည်။
အစ်မဖြစ်သူမှာ မန္တလေးမြို့၌ ဆေးကုသမှုခံယူနေသည်မှာ တစ်လခန့်ရှိပြီး သြဂုတ် ၁၇ ရက် (ကြာသပတေးနေ့)တွင် ဖုန်းအဆက်အသွယ်ရရှိခဲ့ကြပြီး သြဂုတ် ၁၉ ရက်တွင် ဖုန်းဆက်သော်လည်း ဖုန်းကိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် သေဆုံးသူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး သြဂုတ် ၂ဝ ရက်တွင် သင်္ဂြိုဟ်ပြီးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်အိမ်ရာ တိုက်ခန်းအတွင်း ဧည့်နိုင်ငံသားတစ်ဦးပုပ်ပွသေဆုံး ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်အိမ်ရာ တိုက်ခန်းအတွင်း ဧည့်နိုင်ငံသားတစ်ဦးပုပ်ပွသေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.