လူထုလောင်းကစားဖမ်းဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပေးဖို့ မြ၀တီမြို့ ခံတွေ တောင်းဆို

လောင်းကစားမှုပပျောက်ရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၃၀ ရက်နေ့က မြဝတီမြို့မှာရှိတဲ့ မီးကျောင်းကုန်းကျောင်းတိုက်မှာ ဆွေးနွေးစဉ်။ Photo: Nay Naw/ မြဝတီ
ကရင်ပြည်နယ် မြဝတီမြို့မှာ ငါးဂိမ်းလို့ခေါ်တဲ့ လောင်းကစားရုံတွေကို ဖမ်းဆီးနိုင်အောင် လူထုလောင်းကစား ဖမ်းဆီးရေး အဖွဲ့တွေ ဖွဲ့စည်းခွင့်ပေးဖို့ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ဆွေးနွေးပွဲပြုလုပ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနထံ တောင်းဆိုလိုက်ပါတယ်။

လောင်းကစားရုံတွေကို ဖမ်းဆီးဖို့ သက်ဆိုင်ရာကိုတိုင်ကြားပေမယ့် မဖမ်းဆီးတာကြောင့် ပြည်သူတွေကိုယ်တိုင် ဖမ်းဆီးရေးအဖွဲ့တွေဖွဲ့ခွင်ပေးဖို့ တောင်းဆိုကြ တာလို့ မြဝတီလူမှုကွန်ရက် အလုပ်အမှုဆောင် တရား လွှတ်တော်ရှေ့နေ ဦးမျိုးအောင် က ပြောပါတယ်။

ဒီနေ့နေလည်က မြဝတီမြို့မှာရှိတဲ့ မီးကျောင်းကုန်းကျောင်းတိုက်မှာ ရပ်ကွက် ၅ ခုက ဒေသခံ ၁၀၀ ကျော်က ရပ်ကွက်၊ ကျေးရွာတွေအတွင်း လောင်းကစားမှုပပျောက်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြဝတီမြို့ပေါ်ရပ်ကွက်တွေရဲ့ လမ်းတိုင်းမှာ ငါးဂိမ်းလို့ခေါ်တဲ့ အကြွေစေ့ဂိမ်းဆိုင်တွေရှိပြီး တစ်မြို့လုံးမှာ ဂိမ်းဆိုင် ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီဂိမ်းဆိုင်ပိုင်ရှင်တွေဟာ တရုတ်လူမျိုးတွေဖြစ်ပြီး ဂိမ်းဆိုင်ကို နယ်ခြားစောင့် လက်နက်ကိုင် တပ်ဖွဲ့က လုံခြုံရေး ယူပေးထားတာကြောင့် ဖမ်းဆီးဖို့တိုင်ကြားပေမယ့် ဖမ်းဆီးအရေးယူတာတွေ မရှိဘူးလို့ မြဝတီလူမှုကွန်ရက် အဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီဂိမ်းဆိုင်တွေကြောင့် မြဝတီမြို့မှာ လူမှုရေးပြဿနာတွေ ဖြစ်ပေါ်နေသလို ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေများနေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
လူထုလောင်းကစားဖမ်းဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပေးဖို့ မြ၀တီမြို့ ခံတွေ တောင်းဆို လူထုလောင်းကစားဖမ်းဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပေးဖို့ မြ၀တီမြို့ ခံတွေ တောင်းဆို Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.