ယာဉ်ပေါ်၌ ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၃၀

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ်၊ ရေပူစမ်းစစ်ဆေးရေးဂိတ်၌ သိန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အကောက်အခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား ရှာဖွေစစ်ဆေးရေးများ ဆောင်ရွက်နေစဉ် ယာဉ်ပေါ်၌ ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိကြောင်း သိရပါသည်။

မန္တလေးဘက်မှ မူဆယ်ဘက်သို့ အောင်မြေသာစံမြို့နယ်၊ ဒေပန်းရပ်ကွက်နေ နေလင်း(၂၉)နှစ် မောင်းနှင်လာသည့် FF/×××× AD VAN အဖြူရောင်ယာဉ်နှင့် ကူမဲမြို့၊ မြို့သစ်ရပ်ကွက်နေ ဝင်းနွယ်စိုး(၃၁)နှစ်မောင်းနှင်လာသည့် FF/×××× AD VAN ယာဉ်တို့အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ နေလင်း မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ငှက်ပျောသီးများဖြင့် ဖုံးအုပ်လျက် ကျောက်စိမ်းတုံးဆိုဒ်စုံ (၃၉)တုံး စုစုပေါင်းအလေးချိန်(၁၁၆)ကီလိုအားလည်းကောင်း၊ ဝင်းနွယ်စိုး မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ငှက်ပျောသီးများဖြင့် ဖုံးအုပ်လျက် ကျောက်စိမ်းတုံးဆိုဒ်စုံ(၅၇)တုံး စုစုပေါင်းအလေးချိန် (၃၅၉)ကီလို၊ ကျောက်စိမ်းလက်ကောက်(၃၅၀)ကွင်း၊ အလေးချိန်(၂၅)ကီလိုတို့အားလည်းကောင်း အသီးသီးတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေလင်းနှင့် ဝင်းနွယ်စိုး တို့(၂)ဦးအား သိန်းနီမြို့မရဲစခန်း၌ ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ယာဉ်ပေါ်၌ ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ ယာဉ်ပေါ်၌ ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.