စပါးပင်များကို ခရုများ ကိုက်ဖြတ်၍ လယ်ဧက တစ်သိန်းကျော် ပျက်စီး


တိုက်ကြီးမြို့နယ် အတွင်းစပါးပင်တွေကို ခရုတွေကိုက်မှုကြောင့် လယ်ဧက တစ်သိန်းကျော်ပျက်စီးနေပြီး တောင်သူတွေအနေနဲ့ စပါးပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေကြကြောင်း တောင်သူတွေထံကနေသိရပါတယ်။


 အဲဒီခရုတွေကို ဒေသအခေါ်ရွှေခရုလို့ခေါ်ကြပြီး ရွှေခရုတွေဟာ စပါးပင်ကို အရင်းကနေစပြီး ကိုက်ဖြတ်ကြကြောင်း၊ ရွှေခရုတွေဟာစပါးပင်တွေမှာ ပန်းရောင်ဥတွေဥချပြီး မျိုးပွားကြကြောင်း၊အဲဒီခရုတွေကို ဘယ်ပိုးသတ်ဆေးနဲ့မျှသတ်မရဘဲ လူကိုယ်တိုင်တစ်ခုချင်းကောက်ရကြောင်း၊
များပြားလွန်းလို့မကောက်နိုင်ကြောင်း၊ ယခင်နှစ်တွေကမရှိဘဲ (၂၀၁၇)ခုနှစ် စပါးစိုက်ချိန်ကျမှ ရောက်ရှိလာကြောင်း တိုက်ကြီးမြို့နယ်အတွင်း စပါးစိုက်တောင်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

 ရွှေခရုတွေရဲ့မျိုးပွားချက်ကဥပြီး(၁၀)ရက်လောက်ဆို ခရုတွေပေါက်ပြီး ကွင်းအနှံ့လျှောက်သွားနေကြောင်း၊ စပါးပြန်စိုက်ရင်လည်း နောက်တစ်ခါဒီလိုပဲ ခရုတွေကိုက်လို့သေကုန်ပြန်ရောဆိုမှတော့စပါးစိုက်ရမှာ ကြောက်နေကြကြောင်း ကွမ်းခြံကုန်းကျေးရွာအုပ်စု ထိန်ပင်အင်းကျေးရွာနေတောင်သူဦးစိုးအောင်က ရှင်းပြပါတယ်။

 တိုက်ကြီးမြို့နယ်အတွင်း ရွှေခရုတွေ ကျရောက်မှုကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုပြီး ခရုသတ်ဆေးပက်ဖျန်းဖို့နဲ့ ခရုတွေကျရောက်တဲ့ လယ်တွေဘေးမှာဥတွေ ဥဖို့တိုင်တွေ စိုက်ထူထားပြီး ဥတွေဥလာပါက မြေမြှုပ်ဖို့ကိုညွန်ကြားထားကြောင်း ကွမ်းခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကပြောပါတယ်။

 ရွှေခရုတွေဟာစပါးခင်း ရေမျက်နှာပြင် အထက်ရှိစပါးပင်စည်၊ စပါးခင်းဝန်းကျင်ရှိ မြက်ပင်၊ကိုင်းပင်၊ပေါင်းပင်ဝါးပင်၊ကျောက်တုံး၊ ကျောက်ခဲနဲ့အခြားအပင်တွေပေါ်မှာ အစုလိုက်ဥလေ့ရှိကြောင်း၊တစ်ခါဥရင်ဥ(၉၀)ကနေ (၆၀၀) အထိ ဥကြကြောင်း၊ တစ်လကိုဥ(၁၀၀၀)ကနေ (၁၂၀၀) အထိ ဥနိုင်ကြကြောင်း၊ ဥကတစ်ဆင့်(၈)ရက်ကနေ (၁၂)ရက်အတွင်း အကောင်ငယ် အဖြစ် ရောက်ရှိပြီး(၈၂)ရက်မှ ရက်(၉၀)ကြာပါက အကောင်ကြီးအဖြစ် ရောက်ရှိကာ မျိုးပွားနိုင်လေ့ရှိကြောင်း ဥကနေ အကောင်ငယ်အဖြစ်ပေါက်ရာမှာ အမ(၅)ကောင်မှာ အထီး(၁)ကောင်နှုန်းပေါက်လို့ မျိုးဆက်ပြန့်ပွားနိုင်ကြောင်း တိုက်ကြီးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
စပါးပင်များကို ခရုများ ကိုက်ဖြတ်၍ လယ်ဧက တစ်သိန်းကျော် ပျက်စီး စပါးပင်များကို ခရုများ ကိုက်ဖြတ်၍ လယ်ဧက တစ်သိန်းကျော် ပျက်စီး Reviewed by THITHTOOLWIN on 15:04 Rating: 5
Powered by Blogger.