တပ်မတော်ဘက်က ထိုးစစ်တွေရုတ်သိမ်းဖို့ TNLA တောင်းဆို


နေပြည်တော် မေ ၂၆။

နိုင်ငံရေးဆွေးနွေးပွဲလုပ်နေတဲ့ တစ်ပြိုင်တည်းမှာ တပ်မတော်ဘက်က ထိုးစစ်တွေရုပ်သိမ်းဖို့ လိုကြောင်း TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် မှာ အထွေထွေအတွင်းရေးမှူး၂ တားပန်လက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံအပြီးတွင် သတင်းမီဒီယာများကို ပြောသည်။

“ဖြစ်နေတဲ့ ဖြစ်စဉ်သည် ကျွန်တော်တို့က သွားပြီးတိုက်နေတာ မဟုတ်ဘူး။ ပြည်မအထိ ဆင်းပြီး တိုက်ခတ်နေတာ မဟုတ်ဘူး။ ကိုယ့်ဟာကို ကိုယ်ကာကွယ်ပြီး ကိုယ့်နေရာမှာ နေနေတာ။ ကျွန်တော်တို့ရဲ့ နေရာကို လာရောက်တိုက်ခိုက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ မိမိဌာနေရင်းကို ပြန်သွားမယ်ဆိုရင် ဒီတိုက်ပွဲတွေ ရပ်သွားမှာ ဖြစ်ပါတယ်” ဟု တားပန်လက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယအစည်းဝေးကို နေပြည်တော်တွင် ကျင်းပနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေလ ၂၅ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

အထက်ပါကဲ့သို့ တိုက်ပွဲများ ဖြစ်ပေါ်ခြင်းဖြင့် ပတ်သက်၍ ဗိုလ်မှူးကြီး စိုးဝင်းနိုင် က “စစ်မဖြစ်ချင်ဆုံးက တပ်မတော်သားတွေပဲဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ရှေ့တန်းမှာနေခဲ့တယ်။ ရှေ့တန်းမှာ ပျက်စီးခဲ့ရတာတွေ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့တယ်။ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ သေကျေမှုကတော့ အလုံးခြုံလိုက်ရင် တိုင်းရင်းသားအားလုံးရဲ့ သေကြေပျက်စီးမှုပဲ။ စစ်ပွဲတွေကို ငြိမ်းချမ်းစေချင်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ မြောက်ပိုင်းအဖွဲ့များ ဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီအနေဖြင့် တက်ရောက်နေသည်။

“အခုဆိုရင် ပင်လုံကတစ်ဖက်ကျင်းပနေတယ်။ မြောက်ပိုင်းမှာ ထိုးစစ်ဆင်နေတယ်။ ညီလာခံကို သူများမဝေဖန်ရအောင် ပင်လုံညီလာခံကျင်းပနေတဲ့အချိန် တပ်မတော်နဲ့အစိုးရဘက်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချင်ပါတယ်။ လက်နက်ကိုင် အင်အားများစုကိုလည်း အပစ်အခတ်ရပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်”ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။

မြောက်ပိုင်း ၇ ဖွဲ့ နှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဇော် နှင့် ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြညှ်တို့သည် မေ ၂၅ရက် နံနက် ၁၁နာရီတွင် နေပြည်တော် Horizon Lakeview Hotel တွင် တစ်ဖွဲ့ချင်းဖြင့် တံခါးပိတ်တွေ့ဆုံခဲ့ပြီး မေ ၂၆ရက်တွင် နေ့လည်၂နာရီ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် UWSA, NDAA, KIA, SSPP တို့နှင့် တွေ့ဆုံခဲ့ပြီး ညနေ၄နာရီတွင် AA, MNDAA, TLNA နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ၎င်းတို့၏ မြောက်ပိုင်းမူစာတမ်းပေးအပ်ခဲ့ပြီး ယခုတွေ့ဆုံမှုသည် မိသားစုလို ရင်းရင်းနှီးနှီးဖြစ်ရန် သွားခြင်းသာဖြစ်ပြီး ယခုလို သွားရောက်တွေ့ဆုံခြင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်းဆက်သွားနိုင်ရန် လမ်းကြောင်း စတင်ဖြစ်ပေါ်ခဲ့ပြီဟု ပြောဆိုခဲ့သည်။

မြောက်ပိုင်းအဖွဲ့ (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ) တွင် ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) တို့ပါဝင်သည်။

တေဇာအောင်
Central News Myanmar
https://www.facebook.com/CNMyanmar
တပ်မတော်ဘက်က ထိုးစစ်တွေရုတ်သိမ်းဖို့ TNLA တောင်းဆို တပ်မတော်ဘက်က ထိုးစစ်တွေရုတ်သိမ်းဖို့ TNLA တောင်းဆို Reviewed by THITHTOOLWIN on 03:45 Rating: 5
Powered by Blogger.