ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မဖြစ်သူ နေအိမ် မီးလောင် ၂ ဦးသေဆုံး


မေလ ၁၇ ရက် ၂၀၁၇

ယနေ့ မေလ ၁၇ ရက် နံနက်၂ နာရီခန့်က မူစယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မအိမ် မီးလောင်မှုဖြစ်ပွားရာ အစ်မဖြစ်သူနှင့် တူမသေဆုံးသွားကြောင်း သိရှိရသည်။

“အဲဒီအချိန်က အိပ်မောကျချိန်ဆိုတော့ မီးလောင်တာ သူတို့လည်း မသိဘူး။ ဘေးပတ်ဝန်းကျင်က သွားနိုးမှ သူတို့နိုးတာ။ ဒါပေမယ့် သူတို့လည်း မထွက်လာနိုင်ဘူး။ မီးထဲပါသွားတယ်။ မီးသတ်ကား လည်း ချက်ချင်းမရောက်နိုင်ဘူးလေ။ ရောက်လာတော့ မီးက အရမ်းတောက်နေပြီ။ အိမ်ရှင်ပစ္စည်းတွေ တော့ ဘာမှမရလိုက်ဘူး။ အားလုံးမီးထဲပါသွားတယ်။” ဟု မျက်မြင်ဖြစ်သူ စိုင်းအောင်က ပြောပါသည်။


အိမ်ရှင်မှာ ဒေါက်တာစိုင်းမောက်ခမ်း အစ်မ အသက် ၇၀ ကျော်ရှိ ပါ့ဆွယ်ငင်းခေါင် ဖြစ်ပြီး သမီးဖြစ်သူ မှာ အသက် ၄၀ နှစ်ရှိ သူနာပြုဆရာမ နန်းခမ်းလောဝ် ဖြစ်ပါသည်။ သားအမိ ၂ ယောက်လုံးမီးဘေးသင့်သေဆုံးသွားခြင်းဖြစ်သည်။

“အောက်ထပ်မှာ ကမ္ဘောဇဘဏ်က မီနီဘဏ် ၃ လာဖွင့်ထားတယ်။ သူတို့ရဲ့ပလက်စတစ်စားပွဲခုံတွေ လည်း မီးလောင်သွားတယ်။ သူတို့ရဲ့ ကွန်ပြူတာ ၂ လုံး၊ ငွေရေတွက်စက် ၃ လုံး၊ မိတ္တူစက် ၁ လုံးတော့ ရေတွေစိုကုန်တယ်။ ပြန်သုံးလို့ ရမှာလားတော့မသိဘူး။ ATM စက်လည်း ယူထုတ်လို့ရတယ်။ ဘဏ်ဆိုင်းဘုတ်ကြီးက အိမ်ကိုကာထားတော့ မီးသတ်တဲ့အခါမှာလည်း အခက်အခဲရှိတယ်။”ဟု စိုင်းအောင်က ပြောပါသည်။


တာဝန်ရှိသူများက အောက်ထပ်ရှိ ရေခဲသေတ္တာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားသည်ဟု ပြောသည်။ သို့သော် မျက်မြင်များက အိမ်ပေါ်ထပ်မှ လောင်ကျွမ်းသည်ဟု ပြောသည်။ ဆုံးရှုံးမှုပမာဏကို မသိရှိရ သေးကြောင်း ဒေသခံများက ပြောပါသည်။

သျှမ်းသံတော်ဆင့်၊ နန်းမွေခေါဝ်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မဖြစ်သူ နေအိမ် မီးလောင် ၂ ဦးသေဆုံး ဒေါက်တာစိုင်းမောက်ခမ်း၏ အစ်မဖြစ်သူ နေအိမ် မီးလောင် ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.