နှီးပဒေါကျေးရွာတွင် နေအိမ်အချို့ လျှပ်စစ်မီး ဆားဗစ်ကြိုး ဖြုတ်ချခံရ

လျပ်စစ်မီး ဆားဗစ်ကြိုးများခွဲဝေထားပုံ(MNA)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ နှီးပဒေါကျေးရွာ မီးလင်းရေးကော်မတီအဖွဲ့မှ လျှပ်စစ်မီးအသုံးပြုလျှက်ရှိသည့် နေအိမ်အချို့၏ ဆားဗစ်ကြိုးများ အား မတ်လ ၁၄ ရက်နေ့က လိုက်လံဖြုတ်ချခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

သတ်မှတ်သည့် မီးတာခကြေးအတိုင်း ပြန်လည်ပေးဆောင်မှသာ ဓါတ်အား ပြန်လည်ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း နှီးပဒေါကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ နိုင်မာန်က ပြောသည်။

နိုင်မာန်က “ဆားဗစ်ကြိုးပဲ ကျွန်တော်တို့ဖြုတ်လိုက်တယ်၊ ဓါတ်အားခ ပြန်ဆပ်လို့ရှိရင် ပြန်ချိတ်ပေးမှာ ပါ၊ အခုဖြုတ်တာကလည်း အကုန်လုံးတော့ မဟုတ်သေးဘူး၊ အစကတော့ နေအိမ် ၁၀၀ ကျော်ရှိတယ် ဓါတ် အားခ မပေးတာ၊ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ နေအိမ် ၄၅ အိမ်ပဲ ကျန်ရှိတော့ အဲဒီထဲမှာ တစ်ချို့က ၃ လ၊ တစ်ချို့က ၂ လ၊ ၁ လ လည်းရှိတယ်၊ ဒါပေမယ့် ၁ လအတွက်ကိုတော့ မဖြုတ်ပါဘူး” ဟု ပြောသည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ အကြံပြု အကြောင်းကြားချက်အရ ယင်းဆားဗစ်ကြိုး ဖြုတ်ချခြင်းခံရသည့် နေအိမ်များအနေဖြင့် အကယ်၍ သတ်မှတ်ထားသည့် ဓါတ်အားခများ  ပြန်လည်ပေးသွင်းလျှင်ရက်၊ လ လွန်ကြေး အတွက်ကိုပါ ထပ်မံပေးဆောင်ရမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

သို့သော် နှီးပဒေါကျေးရွာတွင်  လျှပ်စစ်မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ မီးလင်းရေးကော်မတီမှ စာရင်းရှင်းတမ်း များ ပွင့်လင်းမြင်သာစွာ မရှင်းလင်းနိုင်ခြင်း၊၂၀၁၆ နှစ်ကုန်ပိုင်းကစပြီး မီတာပျောက်ဆုံးခ ၅၀၀ ကျပ်ကို လျှပ်စစ်သုံးစွဲသူပြည်သူများထံမှ ကောက်ခံခြင်းနှင့် အများပြည်သူသဘောတူ တိုင်ပင်ဆွေးနွေညှိနှိုင်းဆောင် ရွက်မှု မရှိခြင်း စသည့် အကြောင်းအရာများဖြင့် ဒေသခံကျေးရွာသားအချို့နှင့် အငြင်းပွါးလျက်ရှိကြကြောင်း သိရ သည်။

ဆားဗစ်ကြိုးအဖြုတ်ခံရသည့် ကျေးရွာသားတစ်ဦးဖြစ်သူ ဦးကျော်စိုးက “သုံးစွဲထားတဲ့ မီတာခကို ကျွန်တော်တို့ မပေးတာ မဟုတ်၊ ပေးတယ်၊ ဒါပေမဲ့ ရွာကအဲဒီမီတာပျောက်ဆုံးခအတွက် ကျွန်တော်တို့ မပေးတဲ့အခါကျတော့ ဒါကို  လျှပ်စစ်မီးအသုံးပြုသူတစ်ဦးအနေနဲ့ ကျသင့်မီတာကြေးငွေမသွင်းဘူးဆိုပြီး သူတို့သတ်မှတ်လိုက်တယ်၊ ပြီးတော့ မီတာခသွင်း ငွေကိုလည်း လက်မခံဘူး၊ သဘောကတော့ သူတို့သတ်မှတ်တဲ့ငွေတန်ဘိုးအတိုင်း မပြည့်ရင် လက်မခံဘူးဆိုတဲ့သဘောဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဆားဗစ်ကြိုး ဖြုတ်ချခံလိုက်ရသည့်  နေအိမ် ၂ရ လုံးနေသူတို့က  မီးလင်းရေးကော်မတီ၏ လုပ်ဆောင်ချက်များအပေါ် သက်ဆိုင်ရာများသို့ ထပ်မံ တိုင်ကြားသွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

၂၀၀ရ ခုနှစ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည့် နှီးပဒေါစံ ပြ ကျေးရွာတွင် လက်ရှိအချိန်ထိ အိမ်ခြေပေါင်း ၇၅၀ ကျော် လျှပ်စစ်မီးသုံးစွဲလျှက်ရှိရာ တစ်ယူနစ်ကို ၅၀ ကျပ်နှုန်း ကောက်ခံလျှက်ရှိကြောင်း ကျေးရွာမီးလင်းကော်မတီမှ သိရသည်။

ရေးသားသူ: မင်းပိုင်
မွန်သတင်းအေဂျင်
http://burmese.monnews.org
နှီးပဒေါကျေးရွာတွင် နေအိမ်အချို့ လျှပ်စစ်မီး ဆားဗစ်ကြိုး ဖြုတ်ချခံရ နှီးပဒေါကျေးရွာတွင် နေအိမ်အချို့ လျှပ်စစ်မီး ဆားဗစ်ကြိုး ဖြုတ်ချခံရ Reviewed by THITHTOOLWIN on 07:23 Rating: 5
Powered by Blogger.