အမြန်လမ်းတွင် လိုက်ထရပ်ယာဉ် နှစ်စီး ခေါင်းချင်းဆိုင် တိုက် EXPRESS ခရီးသည်ယာဉ် အချင်းချင်း ကျော်တက်စဉ် နောက်ပိုင်း ၀င်တိုက်


နေပြည်တော် အောက်တိုဘာ ၁၅

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ပေပင်လေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်း အပိုင်း မိုင်တိုင်အမှတ်၂၆၂/၃ နှင့် ၂၆၂/၄အကြားတွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ခိုင်သိန်းနိုင် မောင်းနှင်လာသော မိုးကောင်းကင် ခရီးသည်တင် Express ယာဉ်သည် ရှေ့မှ ယာဉ်မောင်း ဦးလှမျိုးအောင် မောင်းနှင်လာသော အကယ်ဒမီ Express ယာဉ်ကို ကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ ယာဉ်အောက်ပိုင်းကို ၀င်တိုက်မိ ရပ်တန့်ခဲ့သည်။ မိုးကောင်းကင် ခရီးသည်တင် Express ယာဉ်မှ ယာဉ်မောင်းပါ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၉ ဦးအနက် အမျိုးသား တစ်ဦးသေဆုံးပြီး သံဃာတစ်ပါး၊ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ (မစိုးရိမ်ရ)

အကယ်ဒမီခရီးသည်တင် Express ယာဉ်မှ ယာဉ်မောင်းပါ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၂၅ ဦး ပေါင်း ၄၅ ဦးအနက် အမျိုးသား ၂ ဦး၊ မ ၂ ဦး ဒဏ်ရာ ရရှိသွားသည်။(မစိုးရိမ်ရ)

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် မိုးကောင်းကင် ခရီးသည်တင် Express ယာဉ်မောင်း ခိုင်သိန်းနိုင်အား ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ပေလေးပင် အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ (ပ)၆၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၁၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားသည်။


အလားတူ ယနေ့နံနက် ၅ နာရီ မိနစ် ၅၀ တွင် မြို့ချောင်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၀/၅ နှင့် ၉၀/၆ အကြား၌ ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးကျော်နိုင် မောင်းနှင်လာသော လိုက်ထရပ်ယာဉ်ကို မျက်နှာချင်းဆိုင် တိုက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် လိုက်ထရပ်နှစ်စီးပေါ်ပါ ၂၁ ဦးအနက် ကျား ၂ ဦး၊ မ ၇ ဦး ပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ (မစိုးရိမ်ရ)

သို့ဖြစ်၍ လိုက်ထရပ် ယာဉ်မောင်း ဖြိုးငွေလင်းအား မြို့ချောင်းအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ထို့အတူ ယမန်နေ့ ညနေ ၄ နာရီခွဲက ဘောနက်ကြီး အမြန် လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၂၅/၆ နှင့် ၂၅/၇ အကြား ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း စိန်လှအောင် မောင်းနှင်လာသော လိုက်ထရပ်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက်ဘေး ကွန်ကရစ်လမ်းစပ်တွင် တိမ်းမှောက်ခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ၂၂ ဦးအနက် ၁၀ ဦး ဒဏ်ရာ ရရှိသွားသည်။ (မစိုးရိမ်ရ)

၎င်းဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ စိန်လှအောင်အား ဘောနက် ကြီး အမြန်လမ်းမကြီး ရဲစခန်းမှ (ပ)၂၇/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

သန်းဦး (လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းတွင် လိုက်ထရပ်ယာဉ် နှစ်စီး ခေါင်းချင်းဆိုင် တိုက် EXPRESS ခရီးသည်ယာဉ် အချင်းချင်း ကျော်တက်စဉ် နောက်ပိုင်း ၀င်တိုက်  အမြန်လမ်းတွင် လိုက်ထရပ်ယာဉ် နှစ်စီး ခေါင်းချင်းဆိုင် တိုက် EXPRESS ခရီးသည်ယာဉ် အချင်းချင်း ကျော်တက်စဉ် နောက်ပိုင်း ၀င်တိုက် Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.