မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းရှိ ရှေးဟောင်းသမိုင်းဝင် မျက်ရိုးတော်ဓာတ် ပြိုကျမြေခ


မင်းပြား (Aug 10, 2016)

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ငစရိုင်းချောင်းကျွန်း ကျောင်းတောင်၌ တည်ထားကိုးကွယ်လျှက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် မျက်ရိုးတော်ဓာတ် စေတီတော်သည် (၁၀-၈-၂၀၁၆) ယနေ့ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် ပြိုကျကာ မြေခခဲ့ကြောင်း သိရသည်။

" ဒီ မျက်ရိုးတော်ဓာတ်စေတီက ဒီနေ့ ညနေ ၃ နာရီကျော်လောက်ကစပြီး ဖြည်းဖြည်းချင်း ပြိုကျနေခဲ့ပါတယ်။ ညနေ ၄ နာရီကျော်လောက်မှာတော့ စေတီထီးတော်နဲ့ အပေါ်ပိုင်းတစ်ခုလုံး ပြိုဆင်းပြီး မြေခခဲ့ရတာပါ။" ဟု ထိုနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ငစရိုင်းချောင်းကျွန်း မင်းရွာမှ ကိုကျော်ထူးအောင် ကပြောသည်။


စေတီတော်ပြိုကျရသည့် အကြောင်းရင်းကို မည်သူမျှ တိတိကျကျ မပြောနိုင်သော်လည်း လွန်ခဲ့သောတစ်ပတ်ခန့်မှစ၍ မင်းပြားမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စေတီတော်ရှိ အက်ကွဲကြောင်းများအတွင်း ရေစိမ့်ဝင်ကာ ကွဲထွက်ပြိုကျရခြင်း ဖြစ်နိုင်ကြောင်း စေတီဂေါပကလူကြီး ဦးအောင်ကျော်စိန် ကပြောသည်။

" ဒီ မျက်ရိုးဓာတ်တော်ဟာ မကြာမကြာ ဓာတ်တော်ကွန့်မြူးလေ့ ရှိပါတယ်။ ဒီနှစ် ဝါဆိုလဆန်း ၁ ရက်နေ့က ဓာတ်တော်ကွန့်မြူးခဲ့တယ် လို့ မြင်လိုက်တဲ့ မြစ်နားရွာသားတစ်ချို့ ပြောပြချက်အရ သိရတယ်။ နောက် မနေ့ည ၉ နာရီအချိန်လောက်ကလည်း ဓာတ်တော်ကွန့်မြူးခဲ့တယ်လို့ အနီးအနားက လယ်သမားတစ်ဦး ပြောပြလို့ သိရပါတယ်။ ဓာတ်တော်ကွန့်မြူးတာနဲ့ ဆက်စပ်ပြီး စေတီတော်ဟာ အက်ကွဲသွားတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဆီမှာ မိုးအသည်းအသန် ရွာနေတာ တစ်ပတ်လောက်ရှိနေတော့ အက်ကွဲကြောင်းတွေထဲ မိုးရေစိမ့်ဝင်ပြီး ပြိုကျမြေခခဲ့ရတာ ဖြစ်နိုင်ပါတယ်။" ဟု စေတီတော် ဂေါပကလူကြီးဖြစ်သော ဦးအောင်ကျော်စိန် ဆိုသည်။


ယနေ့ ညနေပိုင်းအချိန်အထိ စေတီပြိုကျမြေခမှုကြောင့် စေတီအတွင်း ဌာပနာထားသည့် ကြေးဘုရားငယ် ၃ ဆူနှင့် ခဲဘုရားငယ်အဆူ ၁၀ ကျော်ကို ထိန်းသိမ်းထားရကြောင်းလည်း ဦးအောင်ကျော်စိန် ကပြောသည်။


အဆိုပါ မျက်ရိုးဓာတ်တော်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မျက်ရိုးဓာတ်တော်ကို ဌာပနာ၍ သာသနာတော် သက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးက တည်ထားခဲ့ခြင်းဖြစ်ပြီး ရခိုင်ဘုရင်များ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံ၍ ကိုးကွယ်လာခဲ့ကြသည့် ရှေးဟောင်းသမိုင်းဝင် ဓာတ်တော် စေတီတော်မြတ်တစ်ဆူ ဖြစ်သည်။


ယခု ပြိုခမြေခသွားခဲ့သည့် စေတီလက်ရာမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်က မြောက်ဦးမြို့မှ ဆရာတော် ဦးမုနိဓဇ ဦးဆောင်ပြီး ဘုရားတကာ/တကာမများနှင့် အနီးအနားရှိ ရွာသူ/သားများ စုပေါင်း၍ ပြုပြင်မွမ်းမံခဲ့ကာ စေတီတော်မှာ ဥာဏ်တော်အမြင့် ၅၀ ပေ နှင့် လုံးပတ် ၉၆ ပေ ရှိသည်ဟု သိရသည်။

မင်းပြား - သတင်း
10 . 08 . 2016
Photo: Arakan Mg
https://www.facebook.com/mongbranews/
မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းရှိ ရှေးဟောင်းသမိုင်းဝင် မျက်ရိုးတော်ဓာတ် ပြိုကျမြေခ  မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းရှိ ရှေးဟောင်းသမိုင်းဝင် မျက်ရိုးတော်ဓာတ် ပြိုကျမြေခ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.