နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့ရေးပစ္စည်းများပေးအပ်


နေပြည်တော် သြဂုတ် ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား ပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာ မြင့်ထွေး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းတို့နှင့်အတူ နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် အထူး လေယာဉ်ဖြင့် ထွက်ခွာရာ ပုသိမ်မြို့သို့ ရောက်ရှိကြသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြရာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့သို့ ရောက်ရှိကြသည်။

သာပေါင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကညင်ချောင်းဘုန်းတော်ကြီးကျောင်း ဓမ္မဗိမာန်၌ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံရာ နိုင်ငံတော်သမ္မတက အလှူပစ္စည်းများကို ဘေးသင့်ပြည်သူများအားလုံး မျှမျှတတရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ နိုင်ငံတော်အစိုးရက ဘေးသင့်ပြည်သူများ အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း စာရင်းဇယားများ မှန်ကန်တိကျစွာ ပြုစု တင်ပြသွားရန်နှင့် ရသင့်ရထိုက်သူများ လက်ဝယ်သို့ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက် ပေးသွားရန် မှာကြားပြီး ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ၀င်းမြတ်အေးနှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့မှ ဆေးဝါးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ် လှူဒါန်းကြသည်။

ဒေသခံပြည်သူလူထု၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က တင်ပြကြရာ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမသို့ ရောက်ရှိကြပြီး နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြား၍ ဆန်အိတ်များထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေးတို့က ဆေးပစ္စည်းများနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ကြသည်။

ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထိုမှတဆင့် ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာအုပ်စုရှိ အင်းရဲကျွန်းပိုးကရင် နှစ်ခြင်း အသင်းတော် ခန်းမဆောင်သို့ ရောက်ရှိပြီး နိုင်ငံတော်သမ္မတက ရေဘေးသင့် ပြည်သူ များကို အားပေးစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်း၊ ဧရာဝတီဖောင်ဒေးရှင်းနှင့် ဝေဠုကျော် ဖောင်ဒေးရှင်းတို့က ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများကိုပေးအပ် လှူဒါန်းကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ကျေးဇူးတင်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့်အဖွဲ့သည် ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် မဟာဗောဓိဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၌ ဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက ထောက်ပံ့ ပစ္စည်းများ ပေးအပ် လှူဒါန်းကြသည်။

ထို့နောက် မော်တော်ယာဉ်များဖြင့် ဒါးကမြို့အနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် ၂၀/၁ မှ ၃၂/၄ အကြား ရေကျော်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဒေသလိုအပ်ချက်များကို ရင်းရင်း နှီးနှီး ဆွေးနွေး ညှိနှိုင်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လမ်းပြင်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ထံပေးအပ်သည်။

ထိုမှတစ်ဆင့် ကန်ကြီးဒေါင့်မြို့ မြို့နယ်အားကစားခန်းမ၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး နိုင်ငံတော်သမ္မတက ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးများက ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကြသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လလယ်ခန့်က စတင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်ရှိအိမ်ထောင်စု ၁၂၃၆၄၃ စုမှ လူဦးရေ ၅၀၄၄၇၁ ဦး ရေဘေးသင့်ခဲ့ကြသည်။ အဆိုပါရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်း ၃၆၂ ခုဖွင့်လှစ်၍ နေရာချထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်အိတ် ၄၆၃၀ နှင့် ငွေကျပ်သိန်းပေါင်း ၁၄၀၅ သိန်း၊ တိုင်းဒေသကြီးကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သြဂုတ်လ ၁၈ ရက်အထိငွေကျပ်သိန်းပေါင်း ၁၄၅၉ သိန်းကျော်တန်ဖိုးရှိအရေးပေါ်စားနပ်ရိက္ခာများနှင့် အိမ်ဆောက်ပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ ငွေကျပ်သိန်း နှစ်ထောင် တို့ကို လှူဒါန်း ထောက်ပံ့ပေးထားကြောင်း သိရသည်။


နိုင်ငံတော်သမ္မတ၏ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်အတွင်း ပုသိမ်မြို့နယ်၊ သာပေါင်း မြို့နယ်၊ ကန်ကြီးဒေါင့်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့ အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ရေသန့်ဆေးပြားများကို လှူဒါန်းထောက်ပံ့ ပေးခဲ့သည်။

Myanmar President Office
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့ရေးပစ္စည်းများပေးအပ်  နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့ရေးပစ္စည်းများပေးအပ် Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.