တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


မန္တလေးမြို့၊အောင်မြေသာစံမြိုနယ်၊ အိုးဘိုရပ်ကွက်တွင် ၀ါခေါင်လပြည့်ကျော် ၈ ရက်နေ့၌ တောင်ပြုန်းပွဲအကြိုအဖြစ် နှစ်စဉ်ကျင်းပသည့် အိုးပုတ်ပွဲတော်ကို သြဂုတ် ၁၁ ရက်နေ့တွင် ပြုလုပ်ရာ အထူးစည်ကားကြောင်း သိရသည်။

ယင်းပွဲတော်တွင် မြေနှင့်ပြုလုပ်သည့် ကလေးကစားစရာ အိုးဘုတ်များ သာမကမြေအသုံးအဆောင်ပစ္စည်းများ၊ ကျောက်ကတ်ပန်းများ ရောင်းချကြပြီး ပွဲတော်ရက်မတိုင်မီ ၅ ရက်လောက်မှ စတင်ရောင်းချကြခြင်းဖြစ်သည်။ “ရောင်းလာတာ နှစ် ၄၀-လောက်ရှိပါပြီ။


အမြတ်ရဖို့မဟုတ်ဘဲ ပျော်လို့ ရောင်းတာပါ။ မနက်ပိုင်းထက် မိုးချုပ်ရင် လူတအားစည်တယ်။ခြင်းလိုက်ဝယ်ပြီး ပြန်ရောင်းကြတယ်။မြေမီးဖုတ်ပြီးလုပ်တာဆိုတော့ ကွဲတာတွေနဲ့ ဆိုရင် မမြတ်ပါဘူး။”ဟု ပွဲတော်ပြုလုပ်ရာအနီး ကံသစ်ရပ်ကွက်မှ အသက် ၆၀ အရွယ်ရှိ ဒေါ်ဝင်းကြည်ကပြောသည်။


မြေနင့် ပြုလုပ်သည့် အိုးပုတ်များမှာ မြေပုဂံ၊ ရေနွေးကရား၊တိရစ္ဆာန်ရုပ်များနှင့် ပစ်တိုင်းထောင်ရုပ်များဖြစ်ကြပြီး အရောင်သွေးစုံချယ်ထားသည့် ကလေး ကစားစရာများကို ၆ ခုလျှင် ကျပ်ငါးရာဖြင့် ရောင်းချကြောင်းနှင့် ကျောက်ကတ်ပန်းများကို လည်း နစ်ခွေလျှင် ငါးရာကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

“ကျောက်ကတ်ပန်းက တောင်ပြုန်းမင်းနှစ်ပါး ရဲ့မယ်တော် ပုပ္ပါးမယ်တော် အထိမ်းအမှတ်နဲ့ ခေါင်းမှာ ပန်ကြတယ်။ ဒီအိုးဘုတ်ပွဲမှာတော့ အလှပန်ကြတာပါ”ဟု ကျောက်ပန်းရောင်းသူ မမိုးမိုး ကပြောသည်။


ပွဲတော်ရက်မတိုင်မီ အိုးပုတ်များကို ခြင်းကြီးတစ်ခြင်းလျင် ကျပ် ၂၅၀၀၀-ဖြင့် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာများမှ လာရောက်ပို့ဆောင်ပေးကြောင်း၊ ယခင်က ဆေးရောင်ချယ်ခြင်းမရှိဘဲ နောက်ပိုင်းတွင် အိုးပုတ်များ ကို ဆေးရောင်စုံချယ်၍ ရောင်းချလာကြခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.