စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအဖက်ဒရင်းပါ ချောင်းဆိုးဆေးပြားများအိန္ဒိယနယ်စပ်မှ အထိန်းအကွပ်မဲ့ ၀င်ရောက်နေ


ယာဘခေါ် စိတ်ကြွရူးသွပ်ဆေးပြားများတွင်ပါဝင်သော စွဲလမ်းမှုကိုဖြစ်စေသည့် ဆူဒိုအဖက်ဒရင်းဓါတ်ပါ ချောင်းဆိုးဆေးပြားများ အိန္ဒိယ-မြန်မာနယ်စပ်မှ အထိန်းအကွပ်မဲ့ အလုံးအရင်းဖြင့် ၀င်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။ အိန္ဒိယထုတ် ချောင်းဆိုးဆေးပြားများသည် အရှေ့တောင်အာရှတခွင်တွင် ပျံ့နှံ့နေသောမက်သာဖက်တမင်း (ခေါ်) ယာဘ (ခေါ်) WY စိတ်ကြွရူးသွပ်ဆေးပြားများ မြစ်ဖျားခံရာ မြန်မာနိုင်ငံအရှေ့ပိုင်းသို့ ဦးတည်နေကြောင်း သိရသည်။

အိန္ဒိယ၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသည် ကြီးမားကျယ်ပြန့်၍ စိစစ်ကွပ်ကဲမှုအားနည်းပြီး မြန်မာနိုင်ငံတွင် မက်သာဖက်တမင်းထုတ်လုပ်မှု မြင့်တက်လာသည့်နည်းတူအိန္ဒိယမှဆူဒိုအဖက်ဒရင်းပါ ဆေးပြားခိုးသွင်မှုလည်း မြင့်တက်လာနေကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါးများ နယ်စပ်ဖြတ်ကျော်၍ မှောင်ခိုတင်သွင်းနေခြင်းသည် မူးယစ်ကုန်သွယ်မှု တားဆီးရေးတွင် နိုင်ငံအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု အားနည်းခြင်းကို ပြသနေကြောင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကျွမ်းကျင်သူများထံမှ သိရသည်။

မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က မက်သာဖက်တမင်းကို အာရှ၏ နံပါတ်တစ် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည်။

ဆင်းရဲနွမ်းပါးသည့် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ ကလေးမြို့တွင် အိမ်ခြံမြေအရောင်းအ၀ယ် ရုတ်တရက် ဖွံဖြိုးတိုးတက်လာခြင်းမှာ ဆူဒိုအဖက်ဒရင်း ကုန်ကူးမှုမှရရှိသောငွေကြေးများကြောင့်ဖြစ်သည်ဟု သမ္မတဟောင်း ဦးသိန်းစိန်၏ အကြံပေး ဦးရဲထွဋ်က ပြောသည်။

ဒေါ်လာ ပြားဂဏန်းသာသာတန်ကြေးရှိသော အိန္ဒိယထုတ်ချောင်းဆိုးဆေးပြားများသည် နယ်စပ်ဖြတ်ကျော်၍ မန္တလေးသို့ရောက်ရှိချိန်တွင် တန်ကြေးဆယ်ဆခန့် မြင့်တက်သွားသည်ဟုဆိုသည်။ ဇွန်လလယ်ပိုင်းက ဆူဒိုအဖက်ဒရင်း ၆၀ ကီလိုဂရမ်ကို ကားတစီးအတွင်းမှ ဖမ်းဆီးရမိခဲ့၍ ယင်းသည် မက်သာဖက်တမင်းဆေးပြား တသန်းခန့်ထုတ်လုပ်နိုင်သည့် ပမာဏဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်မှလည်းမက်သာဖက်တမင်း ၀င်ရောက်မှုရှိပြီး ၎င်းနယ်စပ်တွင် စစ်ဆေးရေးတင်းကြပ်လာသဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သူများ အိန္ဒိယနယ်စပ်ဖက်သို့ ဦးလှည့်လာခဲ့သည်ဟုရဲတပ်ဖွဲ့ထံမှ သိရသည်။

နယ်စပ်မြို့များဖြစ်သည့် ကလေးနှင့် တမူးတွင် ၂၀၁၃ ခုနှစ်က ဆူဒိုအဖက်ဒရင်း ၃ ဒသမ ၅ တန်ခန့် ဖမ်းဆီးရမိခဲ့ရာမှ ၂၀၁၅ တွင်၄၀၀ ကီလိုဂရမ်ခန့်သာဖမ်းဆီးရမိခဲ့သည်။ ယင်းသို့ ဖမ်းဆီးရမိမှုပမာဏ ကျဆင်းသွားခြင်းမှာ မူးယစ်ဆေးဝါးကုန်ကူးသူများအနေဖြင့် နည်းလမ်းသစ်များဖြင့် ခိုးသွင်းခြင်းကြောင့်ဖြစ်နိုင်ကြောင်း၊ အိန္ဒိယမှ တမူးသို့ တရားမ၀င်ဝင်ရောက်နိုင်သည့်နေရာ ၈၀ ခန့်ရှိသဖြင့် စောင့်ကြည့်စစ်ဆေးရန် ခက်ခဲကြောင်းအာရှပစိတ်ဖိတ်ဒေသ UNODC အကြီးအကဲ Jeremy Douglas က ပြောသည်။

အရှေ့တောင်အာရှဒေသမက်သာဖက်တမင်းဈေးကွက်သည် ၂၀၁၃ ခုနှစ်တွင်ပင် ဒေါ်လာ ၁၅ ဘီလီယံခန့်ရှိကြောင်းUNODC ၏ အစီရင်ခံစာအရ သိရသည်။မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး ဒုတိယအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်ပြီး မေလအတွင်းက အမေရိကန်ဒေါ်လာ ၃၅ သန်းခန့်တန်ဖိုးရှိ မက်သာဖက်တမင်းဆေးပြား ၂၁ သန်းကိုစံချိန်တင် ဖမ်းဆီးရမိခဲ့သည်။

ရည်ညွှန်း-ရိုက်တာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအဖက်ဒရင်းပါ ချောင်းဆိုးဆေးပြားများအိန္ဒိယနယ်စပ်မှ အထိန်းအကွပ်မဲ့ ၀င်ရောက်နေ  စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆူဒိုအဖက်ဒရင်းပါ ချောင်းဆိုးဆေးပြားများအိန္ဒိယနယ်စပ်မှ အထိန်းအကွပ်မဲ့ ၀င်ရောက်နေ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.