TNLA တပ်ဖွဲ့က စစ်သားစုဆောင်းနေတာကြောင့် ဒေသခံတွေထွက်ပြေး

(တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃ဝ လောက်ကို တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က တပ်သားသစ် စုဆောင်းတဲ့အနေ နဲ့ အခုလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်သားသစ်စုဆောင်းမှုတွေကြောင့် လက်ရှိမှာ ပိန်းပြစ်ကျေးရွာအုပ်စုက ပလောင်တိုင်းရင်းသား ဒေသခံတွေဟာ မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပိန်းပြစ်ကျေးရွာအုပ်စုရဲ့ ရာအိမ်မှူး ဦးလွင်ရီက ပြောပါတယ်။

"အခုလောလောဆယ် အခြေအနေနဲ့ကြည့်ရင်တော့ လူတွေကတော့ ရွာမှာမနေရဲသလောက် ဖြစ်နေကြတယ်၊ တချို့ကျတော့ ကိုယ်ရဲ့အိပ်ယာလိတ်တွေ၊ အထုတ်အပိုးတွေလိတ်ပြီးတော့မှ မြို့ထဲကို အဲ့လိုပြောင်းရွှေ့ပြီးတော့မှ ရှောင်နေကြတာ အများကြီးပါပဲ၊ မရှောင်နိုင်တဲ့လူလောက်ပဲ အဲ့လိုရွာထဲမှာနေကြတာပေါ့၊ ဖြစ်တဲ့အပိုင်းတော့ ကျနော်တို့ ပိန်းပြစ်အုပ်စုတွေက အလယ်ရွာ ရွာမမှာပဲဖြစ်တာ၊ အဲ့ဒီရွာမရယ် နောက်မှ အထက်ရွာ ပလောင်ရွာဖြစ်တာ၊ အဲ့ဒီ ၂ ရွာပဲဖြစ်တာ ဖြစ်တာကတော့"

တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပိန်းပြစ်ကျေးရွာမှာ TNLA ကတပ်သားသစ်စုဆောင်းခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေတယ် လို့ ပြောပါတယ်။

"ကျနော်တို့ လိုက်မေးနေသေးတယ်၊ ကျနော်တို့ အတည်မပြုနိုင်သေးဘူးခင်ဗျ၊ အဲ့ဘက်မှာတော့ ကျနော်တို့တပ်ဖွဲ့က လှုပ်ရှားမှုပြုတာက တပ်ရင်း ၆၆၆၊ ပုံမှန်ကတော့ စုဆောင်းတယ်၊ ပြင်ဦးလွင်ခရိုင် မိုးကုတ်ဘက်မှာတော့ အရင်က စုဆောင်မှုမရှိခဲ့သေးဘူး၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွက်ခိုင်မြို့မှာတော့ ကျနော်တို့ စုဆောင်းမှုတွေရှိတယ်"

မိုးကုတ်မြို့နဲ့ ၈ မိုင်လောက်ဝေးတဲ့ အရှေ့ရွာဘုန်းကြီးကျောင်းမှာ ပိန်းပြစ်ကျေးရွာက ဒေသခံ ၁၆ဝ ကျော်လာ ရောက်ခိုလှုံနေပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေကို မိုးကုတ်မြို့ခံတွေက ခေါက်ဆွဲခြောက်နဲ့ ဆန်တွေ ဒီနေ့သွားရောက်လှူဒါန်းခဲ့တယ်လို့ မိုးကုတ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင် က ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်သားသစ် စုဆောင်းရေးမူဝါဒမှာ ပလောင်တိုင်းရင်းသား အိမ်ထောင်စုတိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားနှစ်ဦးရှိရင် တစ်ဦးက တအာင်းလွတ်မြောက် ရေးတပ်မတော်ကို ဝင်ရမယ်ဆိုတဲ့ အချက်ပါရှိပြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ကင်းလွတ်ခွင့်ပေး တယ်လို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

ပိန်းပြစ်ကျေးရွာမှာ ပလောင်၊ လီဆူ၊ ဂေါ်ရခါး၊ ရှမ်း၊ ဗမာ အစရှိတဲ့ တိုင်းရင်းသားတွေရှိပေမယ့် ပလောင်တိုင်းရင်းသားတွေကိုသာ ရွေးချယ်ပြီး တပ်သားစုဆောင်းရေးအတွက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒေသခံတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ PSLF/TNLA ဖြစ်တယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
TNLA တပ်ဖွဲ့က စစ်သားစုဆောင်းနေတာကြောင့် ဒေသခံတွေထွက်ပြေး TNLA တပ်ဖွဲ့က စစ်သားစုဆောင်းနေတာကြောင့် ဒေသခံတွေထွက်ပြေး Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.