နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်ကို လော်စပီကာနှင့် ဖွင့်ခဲ့သူအား အမှုဖွင့်အရေးယူ


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ဝါးရုံဆိပ်အုပ်စု အင်းလျားအရှေ့စုကျေးရွာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်အား တစ်ရွာလုံးကြားစေရန် လော်စပီကာဖြင့် ဖွင့်ခဲ့သူအား ဝက်ထီးကန်တိုက် နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူမှု ပြုလုပ်ထားကြောင်း သိရှိရသည်။

အဆိုပါကိစ္စအား ဝါးရုံဆိပ်ကျေးရွာအုပ်စု NLD ရပ်ကျေးဥက္ကဋ္ဌမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၆ ရက်က အမှုဖွင့်ခဲ့ကာ ဇူလိုင် ၂၇ ရက်တွင် သက်သေများအား ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်း သိရသည်။

“ဒီလိုမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ ဒီကိစ္စကို ဝန်ကြီးချုပ်ထိ တင်ပြထားပါတယ်။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို မကြားဝံ့မနာသာ ဆဲထားတဲ့ ဗီဒီယိုဖိုင်တွေကို တစ်ရွာလုံးကြားအောင် ဖွင့်တာပါ။ လုပ်တဲ့သူက ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူးပါ” ဟု NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေကပြောသည်။

အဆိုပါဗီဒီယိုဖိုင်အား ကိုမျိုးချစ်ဆိုသူမှ လူမှုကွန်ရက်စာမျက်နှာ Nyi Nyi Zaw အကောင့်ထံမှ ဒေါင်းလုထ်လုပ် ကူးယူခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်၊ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တစ်ရွာလုံးကြားစေရန် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဝက်ထီးကန် တိုက်နယ်ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် ပုဒ်မ ၂၉၄/၅၀၀ အရ အမှုဖွင့် အရေးယူထားပါတယ်”ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လော်စပီကာနှင့် တွဲဖက်အသုံးပြုခဲ့သော ဖုန်းဟန်းဆက်အား သက်သေခံပစ္စည်းအဖြစ် သိမ်းယူကာ ကိုမျိုးချစ်အား (ပ)၇၀/၂၀၁၆၊ ပုဒ်မ ၂၉၄၊ ၅၀၀(ဆဲဆိုမှု၊ အသရေဖျက်မှု)အရ အမှုဖွင့်အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်ကို လော်စပီကာနှင့် ဖွင့်ခဲ့သူအား အမှုဖွင့်အရေးယူ   နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်ကို လော်စပီကာနှင့် ဖွင့်ခဲ့သူအား အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.