မြစ်ကြီးနား မူဆယ်နဲ့ ခန္တီးရေနစ်မြုပ်

 ( မြစ်ကြီးနားမြို့ရှမ်းစုမြောက်ရပ်ကွက် တာရိုးကနေ ဧရာဝတီမြစ်ပြင်ကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ် ) Photo: Kyaw Myo Min/ RFA
ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနား၊ မူဆယ်နဲ့ ခန္တီးမြို့နယ်တွေမှာ လယ်ယာမြေဧက ထောင်နဲ့ချီ ရေနစ်မြုပ်ပျက်စီးသလို နေအိမ်အလုံးရေ ထောင်နဲ့ချီ ရေနစ်မြုပ် နေပါတယ်။

မြစ်ကြီးနားမြို့နယ် စံကင်းကျေးရွာမှာဆိုရင် ပြောင်းစိုက်ခင်းဧက လေးထောင်ကျော် ရေနစ်မြုပ် ပျက်စီးသွားပြီး ဧရာဝတီမြစ်ရေဟာ အခုချိန်ထိ မြင့်တက်နေဆဲဖြစ်တယ်လို့ စံကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လွင် က ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော့နဲ့ ချီဖွေဘက်မှာ မိုးကြီးနေသလို မြစ်ကြီးနားမြို့မှာလည်း ရက်ပေါင်းနှစ်ဆယ်နီးပါး ဆက်တိုက်မိုးရွာနေတဲ့အတွက် ဧရာဝတီမြစ်ရေတက်လာတာဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ရွှေလီမြစ်ကမ်းတစ်လျှောက်က ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေကြီးရေလျှံနေတာကြောင့် အိမ်ခြေ တစ်ထောင်ဝန်းကျင် ရေနစ်မြုပ်နေပြီး ဒေသခံတွေ နေထိုင်ရေးအတွက် ခက်ခဲနေပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့တစ်မြို့လုံးနီးပါး ရေနစ်မြုပ်နေပြီး ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ဒေသခံတွေ ရွှေ့ပြောင်းနေထိုင် နေရပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က မြစ်ချောင်းကမ်းပါးနဲ့ နီးတဲ့ မြို့ရွာတွေမှာ နေထိုင်ကြသူတွေ အနေနဲ့ ရေကြောင်းခရီးတွေမှာ သတိပြုသွားလာကြဖို့ နဲ့ ရေဘေးနဲ့ ပတ်သက်ပြီး ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြစ်ကြီးနား မူဆယ်နဲ့ ခန္တီးရေနစ်မြုပ်  မြစ်ကြီးနား မူဆယ်နဲ့ ခန္တီးရေနစ်မြုပ် Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.