ရေမြောင်းပိတ်ဆို့မှု မြို့နယ်မှတာဝန်ရှိသူများ ညှိနှိုင်းပေးစဉ် အိမ်နီးချင်းနှစ်ဦး ဓားထိုးမှုဖြစ်


ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်) ရပ်ကွက်၌ ဇွန် ၂၅ ရက် နံနက် ၈ နာရီက ရေမြောင်းပိတ်ဆို့နေမှု ကို မြို့နယ်မှတာဝန်ရှိသူများက လာရောက်ဖြေရှင်းညှိနှိုင်းပေး စဉ် အိမ်နီးချင်းနေသူနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့သည်။

စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်)ရပ်ကွက် စစ်ကိုင်း လမ်းထိပ်ရှိ ရေမြောင်းပိတ်ဆို့နေမှုကို ပြီးခဲ့သောလအတွင်းက မြို့နယ်မှတာဝန်ရှိသူများက ပြန်လည်ဖွင့်ပေးထားခဲ့သော်လည်း ယခုအခါ ယင်းမြောင်းကို ပြန်လည်ပိတ်ထားမှုဖြစ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ရေမြောင်းဖွင့်ခြင်း၊ ပိတ်ခြင်းအပေါ် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ မဲဆန္ဒနယ်(၂)မှ ဦးသော်တာအောင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးနှင့် လင်းလွန်းမြောက်/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့က ယင်းမြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အနီးဝန်းကျင်နေသူများနှင့် နှစ်ဖက်ညှိနှိုင်းပေးနေစဉ် ဦးထွေးမြင့် (ခ) ဦးကျော်ထွန်း (၄၉ နှစ်)၏ အိမ်နီးချင်းဖြစ်သူ သီဟ(ခ)သန့်ဇင်(၂၃ နှစ်)က ဓားဖြင့်ဝင်ရောက်ထိုးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ''အားလုံးရှေ့မှာဝင်ထိုးပြီး ထွက်ပြေးသွားတာ၊ အစက လက်သီး နဲ့ ထိုးတယ်လို့ထင်တာ၊ နောက်မှ ဓားနဲ့ထိုးမှန်း သိရတာ၊ ဓားက အိမ်သုံးစတီးဓား ဖြစ်မယ်ထင်တယ်၊ ထိုးတဲ့သူလက်ထဲမှာ အရိုးက ပြန်ပါသွားတယ်၊ ဓားသွားကတော့ စိုက်ကျန်ခဲ့တယ်''ဟု ဖုန်းဖြင့်ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ''နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေတော့မှ အခုလိုဖြစ်ရတာ၊ မွန်းလွဲ ပိုင်းကလည်း ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု သွားခဲ့ပါတယ်၊ မနက်ဖြန်ဆို လုပ်ငန်းပြန်စမှာပါ''ဟု ပြောသည်။

ဓားထိုးခံရသူ ဦးကျော်ထွန်း(ခ)ဦးမြင့်ထွေးအား မိသားစု နှင့်တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူ သီဟ(ခ)သန့်ဇင်အား စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးရာ ညနေ ၅ နာရီခန့်တွင် စမ်းချောင်းမြို့နယ်အတွင်း ဖမ်းဆီးနိုင် ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
https://www.facebook.com/MYANMAALINNNEWS/
ရေမြောင်းပိတ်ဆို့မှု မြို့နယ်မှတာဝန်ရှိသူများ ညှိနှိုင်းပေးစဉ် အိမ်နီးချင်းနှစ်ဦး ဓားထိုးမှုဖြစ်  ရေမြောင်းပိတ်ဆို့မှု မြို့နယ်မှတာဝန်ရှိသူများ ညှိနှိုင်းပေးစဉ် အိမ်နီးချင်းနှစ်ဦး ဓားထိုးမှုဖြစ် Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.