သစ်ခိုးထုတ်မှု သတင်းပေးသူ၏နေအိမ်ကို အုပ်စုဖွဲ့ ရမ်းကားသူ လူတစုက ခဲဖြင့်ပစ်ပေါက်၍ ဓားထိုးမှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းကျေးရွာတွင် မေ ၅ ရက် ည ၁၁ နာရီအချိန်ခန့်က တရွာတည်းနေ ဦးဝင်းအောင်၏နေအိမ်အား လူတစုက ခဲနှင့်တနာရ်ီခန့်ကြာ ပစ်ပေါက်ပြီး၊ လူတဦးကနောက်မှချုပ်၍ ရှေ့မှတဦးက ဓားနှင့်ထိုးခဲ့မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ခုန်တိုင်ကျင်းကျေးရွာ၊ သွေးချောက်ချောင်း တံတားထိပ်တွင်နေထိုင်သော ဦးဝင်းမောင်က သစ်ကုန်သည်များ ဝှက်ထားသော ကျွန်းသစ် ၁.၉ တန်ကို လွှတ်တော်အမတ် ဦးတင်ဝင်းအား သတင်းပေးသည်ဟုဆိုကာ လူတစုက အထက်ပါအတိုင်း မင်းမဲ့စရိုက်ဆံစွာပြုမူခဲ့ခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ် ဦးတင်ဝင်းထံမှတဆင့် သိရှိရသည်။


`ည၁၀နာရီခွဲလောက်မှာ လေချွန်သံတွေကြားနေရတာ ထူးတယ်ပေါ့။ ၁၁နာရီလောက်လည်းကျရော ခဲတွေမိုးရွာသလိုကျလာတယ်။ ကျတော် ငြိမ်နေသေးတယ်။ အချိန် တနာရီလောက်ကြာလာတော့ ကျတော့်ဇနီးနဲ့ ၁၀နှစ်သမီးရဲ့အသက်ကို စိုးရိမ်လာတယ်။ သမီးငယ်ကြောက်နေတဲ့ပုံမြင်တော့ မနေနိုင်တော့ဘူး ဖြစ်ချင်ရာဖြစ်တော့ ဓားကိုင်ဆင်းလိုက်ပြီး မဲမဲမြင်ရာရမ်းရတယ်။ ၁/၂ ယောက်ထိသွားတယ်။ လူအင်အားမမျှဘူး။ အဲဒီမှာ ကျွန်တော့်ကို နောက်ကနေ တယောက်က ဝင်ချုပ်တယ်။ လက်ကို ကိုက်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ရှေ့ကတယောက်က မမှီမကမ်း ဓါးနဲ့လှမ်းထိုးတာ ရင်ညွန့်ကိုထိသွားတယ်။ အထိုးခံပြီး ကျွန်တော် အုပ်ချုပ်ရေးမှူးအိမ်တန်းပြေးပြီး မင်းတုန်းမြို့ကို ကားအကူအညီတောင်းပြီးတော့ ဆေးရုံရောက်လာတာ´ဟု ဦးဝင်းမောင်က ပြောသည်။

အဆိုပါဒေသတ၀ိုက် တရားမ၀င်သစ်ခိုးထုတ်မှုများကို ကိုယ်တိုင် ဖမ်းဆီးအရေးယူမှုများပြုလုပ်နေသူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကလည်း“သူတို့က သတင်းပေးလို့စွပ်စွဲတဲ့လူ သုံးဦးရှိပြီး ဦရွှေမှတ်ဆိုတဲ့လူရဲ့နေအိမ်လည်း ခဲနဲ့ပစ်ပေါက်ခံလိုက်ရတယ်´ဟု ဆိုသည်။

ထိုအမှု၌ သံသယရှိရသူ ၁၀ ဦးကို မင်းတုန်းမြို့မရဲစခန်းက စစ်ဆေးနေပြီး ဓားထိုးခံရသူ ဦးဝင်းမောင်မှာ လက်ရှိ မြို့နယ်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသခံယူနေရကြောင်း သိရှိရသည်။

ထန်ထန်(မဲဇလီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သစ်ခိုးထုတ်မှု သတင်းပေးသူ၏နေအိမ်ကို အုပ်စုဖွဲ့ ရမ်းကားသူ လူတစုက ခဲဖြင့်ပစ်ပေါက်၍ ဓားထိုးမှုဖြစ်ပွား  သစ်ခိုးထုတ်မှု သတင်းပေးသူ၏နေအိမ်ကို အုပ်စုဖွဲ့ ရမ်းကားသူ လူတစုက ခဲဖြင့်ပစ်ပေါက်၍ ဓားထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:52 Rating: 5
Powered by Blogger.