ကူဝိတ်နွယ်ဖွား ဗြိတိန်ရေတပ် အရာရှိတစ်ဦးက ISIS အဖွဲ့နှင့် ပူးပေါင်း


လန်ဒန် ၊ ၉-၅-၂၀၁၆

ဗြိတိန်နိုင်ငံ၏ နာမည်ကြီး ရေကြောင်း ကောလိပ်မှ ဘွဲ့ရရှိခဲ့သော ရေတပ် အရာရှိ တစ်ဦးသည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် ဆီးရီးယား နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ကူဝိတ်နွယ်ဖွား ဗြိတိန်ရေတပ် အရာရှိ အလီ အယ်လိုဆိုင်မီ သည် South Tyneside ကောလိပ်၌ ရေကြောင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားခဲ့ပြီး ကူဝိတ် နိုင်ငံသား သူငယ်ချင်း တစ်ဦးနှင့် အတူ ကောလိပ်အနီးရှိ တိုက်ခန်း တစ်ခန်းတွင် နေထိုင်ခဲ့သူ ဖြစ်သည်။ အယ်လိုဆိုင်မီ သည် ဗြိတိန်နိုင်ငံ၏ ရေယာဉ်စုနှင့် ပတ်သက်၍ အဆင့်မြင့် နည်းပညာ ဗဟုသုတနှင့် စွမ်းရည် များစွာကို သင်ယူထားသူ ဖြစ်သောကြောင့် ယခုကဲ့သို့ ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း လိုက်ခြင်းမှာ နိုင်ငံ၏ လုံခြုံရေး အတွက် အလွန် စိုးရိမ်ရကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက မေ ၇ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

ထို့ပြင် အယ်လိုဆိုင်မီ သည် ဗြိတိန် ရေကြောင်း တပ်ဖွဲ့၏ အရေးပါသော အရာရှိ တစ်ဦး ဖြစ်သောကြောင့် ISIS စစ်သွေးကြွ အဖွဲ့တွင် တပ်မှူးအဆင့် ရာထူး ခန့်အပ်ခံရဖွယ် ရှိကြောင်း၊ ၄င်းထံမှ ရရှိသော အချက်အလက် များကို အသုံးပြု၍ ဗြိတိန် သင်္ဘောများအား တိုက်ခိုက် လာနိုင်ဖွယ် ရှိပြီး ရေကြောင်း အတွက် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ကျွမ်းကျင်သူ များက သတိပေး ပြောကြားသည်။

အယ်လိုဆိုင်မီ သည် ၂ဝ၁၁ ခုနှစ်က ရေကြောင်း ကုန်သွယ်ရေး ဘာသာရပ်ကို သုံးနှစ်ကြာ တက်ရောက် သင်ကြားခဲ့ပြီး ကူဝိတ်ရှိ နိုင်ငံပိုင် ရေနံတင် သင်္ဘော ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင် ခဲ့ဖူးကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ကူဝိတ်နွယ်ဖွား ဗြိတိန်ရေတပ် အရာရှိတစ်ဦးက ISIS အဖွဲ့နှင့် ပူးပေါင်း  ကူဝိတ်နွယ်ဖွား ဗြိတိန်ရေတပ် အရာရှိတစ်ဦးက ISIS အဖွဲ့နှင့် ပူးပေါင်း Reviewed by THITHTOOLWIN on 11:49 Rating: 5
Powered by Blogger.