RCSS/SSA ၏ အမာခံရွာဟုစွပ်စွဲခံရသည့်ကျေးရွာ တရွာလုံး မီးရှို့ခံရ

ဓါတ်ပုံ- နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ ဟိုပန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာ မီးရှို့ဖျက်ဆီးခြင်းခံရ
မေ ၉ ရက် ၂၀၁၆

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် RCSS/SSA အားထောက်ပံ့သည်ဟု စွပ်စွဲခံရသည့် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ကျေးရွာ တခုလုံးအား လက်နက်ကိုင်အဖွဲ့ တဖွဲ့က မေလ ၆ ရက်နေ့က မီးရှို့ ဖျက်ဆီးခံရသည်။

၂၀၁၆ မေ ၆ ရက်နေ့ မွန်းလွဲ တနာရီကျော်တွင် အဆိုပါလက်နက်ကိုင်အဖွဲ့က အိမ် ၆၂ လုံးအား မီးရှို့ခဲ့ပြီး ထိုနေ့ည ညဦးပိုင်း တွင် ကျန်ရှိအိမ် ၆ လုံးအား ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံတဦး အားလည်း သတ်ဖြတ်ခဲ့ကြောင်း၊ နွားနှစ်ကောင်အား သတ်ဖြတ်ကာ အသားပေါ်ယူသွား ကြောင်း၊ ပစ္စည်းအချို့ အားလည်း ယူဆောင် သွားကြောင်း မျက်မြင်ဒေသခံ တဦးက ဤကဲ့သို့ပြော သည်။

“မေ ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ တိုက်ပွဲ ပြင်းထန်တယ်။ တိုက်ပွဲ ပြင်းထန်လို့ ရွာ မြောက်ဘက် မှာ ခြေကုပ်ထားတဲ့ RCSS/SSA အဖွဲ့ တပ်ဆုတ်လိုက်တယ်လို့သိရတယ်။ တိုက်ပွဲငြိမ် သွားပြီး နောက် တရက် နံနက်ပိုင်း ပလောင်တပ်ဝတ်စုံ ဝတ်ထားတဲ့ လက်နက်ကိုင် အုပ်စုက ဝင်လာပြီး ရွာကို မီးရှို့တယ်။ သူတို့ အုပ်စုထဲမှာ ကချင်စကားလဲ ပြောတယ်” - ဟု မျက်မြင် စစ်ဘေးရှောင် တဦး က ပြောသည်။

ထိုလက်နက်ကိုင်အဖွဲ့သည် အသက် ၅၀ ကျော်အရွယ်နှစ်ရှိ ဆွံ့အ နားမကြားသူ (ဦး) စိုင်းစံအေးအား မေ ၆ ရက် ညပိုင်း၌ သတ်ဖြတ်ကာ ရွာဦးရေကန်၌ စွန့်ပစ်ထားသည်ဟုလည်း အမည်မဖေါ်လိုသည့် မိုင်းဝီးရောက် စစ်ဘေးရှောင်များက ပြောသည်။

ဟိုပန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ “တအာင်းတပ်မတော်သည် ပြည်သူလူထု အကျိုး ယုတ်စေ သည့် လုပ်ရပ်များ၊ အပြစ်မဲ့သူများ ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ပြည်သူလူထု၏ အသက်အိုး အိမ် စည်း ဇိမ်များဖျက်ဆီးခြင်း …. . မူဝါဒ မရှိကြောင်း” - မေလ ၇ ရက်နေ့ ရက်စွဲ ဖြင့် PSLF/TNLA မှ ထုတ်ပြန် ကြေငြာထားသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ဒေသခံ အဖွဲ့အစည်း ၉ ဖွဲ့က PSLF/TNLA ဥက္ကဌထံ အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် PSLF/TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ ဟိုပန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခြင်းအား ဆန့်ကျင်ရှုံ့ချကြောင်းနှင့် ကျူးလွန်ခြင်းအား တာဝန်ယူပေးပါရန် တောင်းဆိုလိုက်သည်။

၂၀၁၅ နှစ်နှောင်းပိုင်း RCSS/SSA နှင့် PSLF/TNLA တို့ကြား ပြဿနာစတင်ဖြစ်ပွားစဉ်ကလည်း မိုင်းဝီးဒေသခံ ၁၂ ဦး ဖမ်းဆီးခံရသည်။ ၎င်းတို့အားလုံး သတ်ဖြတ်ခံလိုက်ရပြီးဖြစ်သည်ဟု PSLF/TNLA နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။ ထိုသူများသည် ဒေသခံများမဟုတ် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဖမ်းဆီးခံရသည့် သူများဖြစ်သည်ဟု PSLF/TNLA နိုင်ငံခြားရေး တာဝန်ခံ တာပန်းလှ က သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။

ဓါတ်ပုံ- နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ ဟိုပန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာ မီးရှို့ဖျက်ဆီးခြင်းခံရ
သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
RCSS/SSA ၏ အမာခံရွာဟုစွပ်စွဲခံရသည့်ကျေးရွာ တရွာလုံး မီးရှို့ခံရ RCSS/SSA ၏ အမာခံရွာဟုစွပ်စွဲခံရသည့်ကျေးရွာ တရွာလုံး မီးရှို့ခံရ Reviewed by THITHTOOLWIN on 12:10 Rating: 5
Powered by Blogger.