ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမည်


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းပါတီမှ အနိုင်ရရှိထားသည့် တိုင်းနှင့်ပြည်နယ်အချို့မှ လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာ ၂၈ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမတွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က ကိုယ်စားလှယ်တွေ တွေ့ဆုံမယ်ဆိုတဲ့ စာဝင်လာလို့ ထုတ်ပြန်ပေးတာပါ။ အခြား ဘာသတင်း အချက်အလက်မှ မသိရပါဘူး။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ ပြန်ကြားရေး တာဝန်ခံ ဦးသိန်းဦးက ပြောသည်။

ရန်ကုန်တိုင်း၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များကို နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင်လည်းကောင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်များမှ လွှတ်တော် ကိုယ်စားလှယ်များကို နေ့လည်(၁း၀၀)နာရီတွင်လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည့်သူလွှတ်တော်တွင်(၂၅၅) ဦး၊ အမျိုးသားလွှတ်တော်တွင် (၁၃၅)ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွင် (၄၉၁)ဦး အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်မှ နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ထားသည်။

သတင်း -MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမည်   ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမည် Reviewed by THITHTOOLWIN on 11:56 Rating: 5
Powered by Blogger.