လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေတင်ရင် ဖိအားပေးသလိုဖြစ်


 မနက်ဖြန် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေတင်သွင်းလာမယ်ဆိုရင် လွှတ်တော်ကို ဖိအားပေးသလို ဖြစ်နေတဲ့အတွက် လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးရာမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း တင်သွင်းလာနိုင်တဲ့အတွက် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီမိုကရေစီဖက်ကရပ်တည်ဖို့ ဆွေးနွေးကြတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

" မနက်ဖြန်လွှတ်တော်မှာ ရင်ဆိုင်ရစရာရှိတဲ့ ကိစ္စလေးပေါ့ အဓိက သူတို့မှန်းဆရတာတော့ Right to Recall ကိစ္စကို သူတို့ တွန်းအားပေးကြလိမ့်မယ်ထင်တယ် ဒါပေမယ့် အန်ကယ်တို့ရဲ့ သဘောထားကတော့ ဒါသူတို့ပါတီကိစ္စလေ ပါတီကိစ္စကနေ လွှတ်တော်ထဲလာပြီးတော့ လုပ်တဲ့ လွှတ်တော်ကို အသုံးချတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်"

ဒါ့အပြင် နိုင်ငံတော်သမ္မတဟာ ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးကို သမ္မတအနေနဲ့ တက်ရောက်ခဲ့တဲ့အတွက် သမ္မတဟာ ပါတီနိုင်ငံရေးလုပ်နေသလိုဖြစ်နေပြီး ဖွဲ့စည်းပုံကို ချိုးဖေါက်သလို ဖြစ်နေကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

"သမတ္တပဲဖြစ်ဖြစ် ဝန်ကြီးပဲဖြစ်ဖြစ် ပါတီလုပ်ငန်းနဲ့ ကင်းကွာရမယ် အခုက ပါတီက ဥက္ကဌလည်းတက်တယ် ဥက္ကဌအနေနဲ့ တက်တယ်၊ နှုတ်ဆက်တယ်ဆိုတာ ဒါ ပါတီအလုပ်လုပ်တာ သမ္မတသည် ပါတီအလုပ်လုပ်တယ် ဥပဒေနဲ့မညီဘူး လုံးဝဆန့်ကျင်တယ်၊ အဲ့ဒီကိစ္စကို အန်ကယ်တို့ ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားနေတယ်၊ ဒီမိုကရေစီဘက်က ရပ်တည်မယ်"

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ မနက် ၁ဝ နာရီက ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ ၁ နာရီကျော်လောက် သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း ဦးဝင်းထိန်က အတည်ပြုပြောကြားခဲ့ပါတယ်။

အဲ့ဒီလို သီးသန့်တွေ့ဆုံမှုမှာ ဘာဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေတင်ရင် ဖိအားပေးသလိုဖြစ်  လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေတင်ရင် ဖိအားပေးသလိုဖြစ် Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.