နီပေါ Gorkha ဒေသမှာ အကူအညီ မရောက်သေး

Gorkha ဒေသရှိ ရွာတစ်ရွာ (Credit: Reuters) 
 ငလျင်ဒဏ်ကို ​အများဆုံး ​ခံရတဲ့ ​Gorkha ​(ဂေါ်ရခါ) ​ဒေသမှာ ​အစားအသောက်နဲ့  ​နေရာထိုင်ခင်း ​အကူအညီတွေ ​မရသေးဘူးလို့ ​သိရပါတယ်။

ငလျင်ဗဟိုပြု ​လှုပ်ခတ်ခဲ့တဲ့ ​Gorkha ​ဒေသကို ​သွားဖို့ ​ခက်ခဲပြီး ​အဲဒီဒေသဟာ ​မြို့တော် ​Kathmandu ​နဲ့ ​ကီလို ​မီတာ ​၂၀၀ ​အကွာမှာ ​ရှိနေတာပါ။

အဲဒီဒေသမှာ ​ကျေးရွာပေါင်း ​တစ်ထောင်လောက်ရှိပြီး ​လူပေါင်း ​၂၇၀၀၀၀ ​လောက် ​နေထိုင်တဲ့ ​ဒေသဖြစ်ပါတယ်။

အေဘီစီ ​သတင်းဌာနအဖွဲ့သားတွေက ​အဲဒီ ​ဒေသကို ​သွားဖို့ ​ကြိုးစားပေမယ့် ​လမ်းတွေက ​မတ်စောက်လွန်းလို့ ​ကားတွေနဲ့ ​ဆက်သွားလို့ ​မရပဲ ​ဆိုင်ကယ်နဲ့ ​ခရီးဆက်ပြီး ​နောက်ဆုံး ​လမ်းလျှောက်ရတဲ့အထိ ​အခြေအနေ ​ဆိုးတယ်လို့ ​ဆိုပါတယ်။

တောင်ထိပ်က ​ရွာကို ​ရောက်တဲ့အခါမှာ ​ရွာသားတွေက ​အကူအညီရဖို့ ​၄ ​ရက်ကြာ ​စောင့်ဆိုင်းနေကြပြီလို့ ​ပြောပြကြပါတယ်။

အဲဒီရွာမှာ ​အပျက်အစီးတွေ ​များပြားပေမယ့် ​သေဆုံးမှုတွေ ​မရှိဘူးလို့ ​အေဘီစီ ​သတင်းထောက် ​Samantha ​Hawley ​က ​ပြောပါတယ်။

အချိန်မှီ ​အိမ်ပြင်ပကို ​ထွက်ပြေးကြလို့ ​ငလျင်ဘေးက ​လွတ်ကင်းခဲ့ကြပေမယ့် ​အိမ်တွေ ​ပျက်စီးကုန်တာကြောင့် ​နေစရာမရှိ၊ ​စားစရာလည်း ​ကုန်သွားပြီလို့ ​ရွာသားတွေက ​ပြောပြကြပါတယ်။

မြေငလျင်လှုပ်ခတ်ပြီး ​၅ ​ရက်အကြာမှာတောင် ​အကူအညီမပေးနိုင်သေးတာတွေကြောင့် ​လူတွေရဲ့ ​ဒေါသက ​အစိုးရဘက်ကို ​လှည့်လာနေပြီ ​ဖြစ်ပါတယ်။

အစိုးရရဲ့ ​စီမံရေး ​ညံ့ဖျင်းမှုကြောင့် ​ဖြစ်ရတယ်လို့လည်း ​ပြောပါတယ်။

Kathmandu ​မြို့ ​လေဆိပ်ကို ​ရိက္ခာတွေ ​ပို့ပေးဖို့ ​နိုင်ငံတကာက ​လေယာဉ်တွေ ​စောင့်ဆိုင်းခဲ့ပေမယ့် ​လေယာဉ် ​ဆင်းစရာ ​နေရာမရလို့ ​လှည့်ပြန်ရတာတွေ ​အများအပြား ​ရှိတယ်လို့ ​ဆိုပါတယ်။

နီပေါ ​နိုင်ငံ ​တစ်ခုလုံးအတွက် ​ကယ်ဆယ်ရေး ​ရဟတ်ယာဉ် ​၁၀ ​စင်းသာ ​အသုံးပြုနေကြတဲ့အတွက် ​ထိရောက်မှုလည်း ​နည်းပါးနေပါတယ်။

တောင်ပေါ်ဒေသကို ​နီပေါ ​စစ်သားတွေက ​ခြေကျင်တက်ခဲ့ကြပေမယ့် ​အဲဒီမှာ ​ကယ်ဆယ်ရေးလုပ်ငန်းတွေ ​လုပ်နိုင်ပြီလား ​မလုပ်နိုင်သေးဘူးလား ​ဆိုတာကိုလည်း ​ဘယ်သူမှ ​မသိကြသေးပါဘူး။

Gorkha ​ဆေးရုံမှာတော့ ​ဂျာမနီ ​ကယ်ဆယ်ရေးအသင်းတွေက ​ဆေးကုသမှု ​ပေးနေပြီလို့ ​သိရပါတယ်။

By Samantha Hawley in Gorkha
ABC Radio Australia
http://www.radioaustralia.net.au/burmese
နီပေါ Gorkha ဒေသမှာ အကူအညီ မရောက်သေး  နီပေါ Gorkha ဒေသမှာ အကူအညီ မရောက်သေး Reviewed by သစ်ထူးလွင် on 19:31 Rating: 5
Powered by Blogger.