ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ၉ ဦးသေ၊ ၃၀ ခန့်  ပျောက်ဆုံးနေ

ဓါတ်ပုံ - google images
စွန့်ပစ်မြေစာပုံမှမြေစာများ ရုတ်တရက်ပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ(၃ဝ)ဦးခန့်ပျောက်ဆုံးနေ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် ၃၁

၂ဝ၁၅ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့ နံနက် ၉ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်ပြည်သူ့ဆေးရုံသို့ မြေစာပိ၍ ဒဏ်ရာရရှိသူ(၂)ဦး ရောက်ရှိနေကြောင်းသတင်းအရ ဖားကန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဖားကန့်မြို့နယ်၊ ဖားပြင် ကျေးရွာနေ သက်ပိုင်စိုး(၂၃)နှစ်နှင့် ဆိုင်းဂျာဘွန်ကျေးရွာနေ မြင့်မောင်(၁၉)နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ထိုနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က ဆွတ်အောင်ကျေးရွာအနီးရှိ ရာဇဌာနီကုမ္ပဏီမှစွန့်ပစ်သည့် မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာပုံမှ အမြင့်ပေ(၃ဝဝ)၊ အလျားပေ(၈ဝဝ)ခန့်ရှိ မြေစာများ ရုတ်တရက်ပြိုကျခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် မြေစာများပြိုကျမှုကြောင့် ဒမ်းထရပ် အဝါရောင်မြေသယ်ယာဉ်(၁)စီးနှင့် ရေမဆေးကျောက်ရှာဖွေသူ(၃ဝ)ဦးခန့် မြေစာများပိမိနေကြောင်း သိရှိရသည်။

 အဆိုပါသတင်းအရ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဌ၊ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဆိပ်မူကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘက်ဟိုးယာဉ်(၆)စီးဖြင့် သွားရောက်ရှာဖွေခဲ့ရာ နံနက် ၁ဝ နာရီအချိန် ဆွတ်အောင် ကျေးရွာနေ သိန်းလွင်(၂၈)နှစ်ပါ အမျိုးသား(၅)ဦး၏ အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖားကန့်ဆေးရုံသို့ပို့အပ်ကာ ဖားကန့်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၂၂/၂ဝ၁၅)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

 ထို့နောက် ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေရာ ညနေ ၄ နာရီ ၃၂ မိနစ်အချိန်တွင် မြေစာများပိနေသည့် မြေသယ်ယာဉ်နှင့် ကရင်ချောင်ကျေးရွာနေ ရဲလွင်(၂၄)နှစ်ပါ အမျိုးသား(၄)ဦး၏အလောင်းများအားတွေ့ရှိခဲ့သဖြင့် ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၃/၂ဝ၁၅)ဖြင့် ထပ်မံအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ပျောက်ဆုံးနေသူများအား ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ၉ ဦးသေ၊ ၃၀ ခန့်  ပျောက်ဆုံးနေ ဖားကန့်တွင် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် ၉ ဦးသေ၊ ၃၀ ခန့်  ပျောက်ဆုံးနေ Reviewed by သစ်ထူးလွင် on 18:45 Rating: 5
Powered by Blogger.