နေပြည်တော် သပြေကုန်းဈေး၌ တားမြစ်ဓာတုဗေဒ ဆေးဝါးများ ပါဝင်သည့် စားသောက်ကုန်ငါးမျိုးနှင့် အလှကုန်တစ်မျိုး တွေ့ရှိ


နေပြည်တော် ၊ ၁၀-၁၂-၂၀၁၄

နေပြည်တော် ကောင်စီနယ်မြေ ရှိ အဓိက အချက်အချာ ကျသော ဈေးကြီးတစ်ခု ဖြစ်သည့် သပြေကုန်းဈေး၌ တားမြစ် ဓာတုဗေဒ ဆေးဝါးများ ပါဝင်သည့် စားသောက်ကုန် ငါးမျိုးနှင့် အလှကုန် တစ်မျိုး တွေ့ရှိကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အစားအသောက် ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော် က ပြောသည်။

နေပြည်တော် ကောင်စီ နယ်မြေအတွင်း Mobile Lab လှည့်လည် စစ်ဆေးသည့် အစီအစဉ်အရ ဒီဇင်ဘာ ၆ ရက်က သပြေကုန်းဈေး သို့ ရှောင်တခင် ၀င်ရောက် စစ်ဆေးစဉ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

''ရောင်းတဲ့ ဆိုင်တွေကို ဈေး အုပ်ချုပ်ရေးမှူးရုံး ကနေပြီး လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမှာပါ။ ပထမအဆင့် အနေနဲ့ စားသုံးဖို့ မသင့်ဘူးဆိုရင် သိမ်းရမှာပေါ့။ သိမ်းမယ်၊ ဖျက်ဆီးမယ်၊ နောက်တစ်ခုက ရောင်းချတဲ့ သူကို အသိပညာ ပေးမယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

လက်လီ ရောင်းချနေသော စားသောက်ကုန် များထဲမှ ဓာတုပစ္စည်း သုံးစွဲနိုင်သည့် သံသယ ဖြစ်ဖွယ် စားသောက်ကုန် များကို ချက်ချင်းစစ်ဆေး၊ ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်သည့် Mobile Lab (ရွေ့လျား
ဓာတ်ခွဲခန်း) ယာဉ်ဖြင့် အမြန်စစ်ဆေး၍ ချက်ချင်း အဖြေထုတ်သည့် နည်းလမ်း အသုံးပြုကာ စစ်ဆေးခြင်းဖြစ်ပြီး စားသုံးရန် မသင့်သည့် တားမြစ် အရောင်ဆိုးဆေး သုံးစွဲထားသော ငါးပိလေးမျိုးနှင့် ခေါက်ဆွဲခြောက် တစ်မျိုး၊ တားမြစ် ဓာတုဆေးဝါး ပါဝင်သော POLLA အမှတ်တံဆိပ် မှည့်ခြောက်ပျောက် လိမ်းဆေးခရင်မ် တို့ကို တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မျှစ်ချဉ်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ငါးပိ၊ အသားစိမ်း၊ ငါးစိမ်း၊ နွားနို့နှင့် ပင်လယ်စာ အစားအသောက်များ စသည့် စားသောက်ကုန် များအပြင် ကုန်အမှတ် တံဆိပ်၊ အညွှန်းမပါ သည့် အစားအသောက်များ၊ ရက်လွန် အစားအသောက်များ စသည့် အခြားသံသယ ရှိဖွယ် စားသောက်ကုန်များ နှင့် အလှကုန် ပစ္စည်းတို့တွင် တားမြစ် ဓာတုဆေးဝါးများ၊ တာရှည်ခံ ဓာတုပစ္စည်းများ သုံးစွဲထားခြင်း ရှိ၊ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ရွေ့လျား စစ်ဆေးရေး အဖွဲ့တွင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ကူးသန်း ရောင်းဝယ်ရေး နှင့် စားသုံးသူ ကာကွယ်ရေး ဦးစီးဌာန၊ နေပြည်တော် စည်ပင် သာယာရေး ကော်မတီ (ဈေးများဌာန) နှင့် (ကျန်းမာရေးဌာန)၊ တိုင်းကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်းပါဝင် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2014/12/blog-post_33.html
နေပြည်တော် သပြေကုန်းဈေး၌ တားမြစ်ဓာတုဗေဒ ဆေးဝါးများ ပါဝင်သည့် စားသောက်ကုန်ငါးမျိုးနှင့် အလှကုန်တစ်မျိုး တွေ့ရှိ  နေပြည်တော် သပြေကုန်းဈေး၌ တားမြစ်ဓာတုဗေဒ ဆေးဝါးများ ပါဝင်သည့် စားသောက်ကုန်ငါးမျိုးနှင့် အလှကုန်တစ်မျိုး တွေ့ရှိ Reviewed by သစ်ထူးလွင် on 17:49 Rating: 5
Powered by Blogger.