ကြွင်းကျန် ရုပ်ကလာပ်နှစ်ခု ဆူရာဘာယာသို့ ရောက်ရှိ


ဆူရာဘာယာ၊ ဒီဇင်ဘာ ၃၁

အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် QZ8501 ပျက်ကျမှုတွင် သေဆုံးခဲ့ သူများ အနက်မှ နှစ်ဦး၏ ရုပ်ကလာပ်များ ဆူရာဘာယာ လေဆိပ်သို့ ညနေ ၄ နာရီဝန်းကျင်က ရောက်ရှိလာခဲ့ပြီး ကျန်ရစ်သူမိသားစုများမှာမူ မရောက်ခင်ကတည်းက လေဆိပ်တွင် စောင့်ဆိုင်းနေနှင့်ခြင်း ဖြစ်သည်။

ယခုရောက်ရှိလာသည် အလောင်းများ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုရန် ကျန်ရစ်သူမိသားစုများထံမှ DNA နမူနာများ ရယူခဲ့သည်။

Airbus လုပ်ငန်းစုမှ ထုတ်သည့် A320-200 အမျိုးအစား အဆိုပါ လေယာဉ်သည် တနင်္ဂနွေနေ့ နံနက်ပိုင်းက လူပေါင်း ၁၆၂ ဦးလိုက်ပါလျက် စင်ကာပူသို့ ဦးတည်ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ ယမန်နေ့ကမှ အပျက်အစီးအပိုင်းအစများနှင့် အလောင်းများကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ အလောင်း စုစုပေါင်း ၇ လောင်းကို ရှာဖွေဆယ်ယူထားပြီး ဖြစ်သော်လည်း ရာသီဥတုဆိုးရွား၍ ဆယ်ယူရေးလုပ်ငန်းအတွက် အဟန့်အတား ဖြစ်နေကြောင်း အာဏာပိုင်များက ပြောကြားသည်။

သေဆုံးခဲ့သူများအတွက် ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ကို ယခုညနေမှာပင် ဆူရာဘာယာ၌ ပြုလုပ်မည် ဖြစ်ကာ ဂျာဗားကျွန်းအရှေ့ပိုင်း စီရင်စုမှ အုပ်ချုပ်ရေးမှူးက နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲအားလုံးကို မကျင်းပဘဲ ဖြတ်သိမ်းမည်ဖြစ်ကြောင်း ပြောကြားသည်။

လေယာဉ်ပေါ်ပါသွားသူ ၁၆၂ ဦးတွင် အရွယ်ရောက်ပြီးသူ ၁၃၇ ဦး၊ ကလေးငယ် ၁၇ ဦးနှင့် နို့စို့ကလေး တစ်ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်မောင်မယ် ၅ ဦးတို့ ပါဝင်ကြသည်။

ကျော်လင်းထွန်း
__Ref:BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကြွင်းကျန် ရုပ်ကလာပ်နှစ်ခု ဆူရာဘာယာသို့ ရောက်ရှိ ကြွင်းကျန် ရုပ်ကလာပ်နှစ်ခု ဆူရာဘာယာသို့ ရောက်ရှိ Reviewed by သစ်ထူးလွင် on 18:09 Rating: 5
Powered by Blogger.