အမေရိကန် ရက်ပ်အဆိုတော်နှင့် R&B အဆိုတော် မြန်မာနိုင်ငံ အလည်အပတ်ရောက်ရှိ (ရုပ်/သံ)


ဂရမ်မီဆုရှင်တွေ ဖြစ်ကြတဲ့ အမေရိကန် ရက်ပ်အဆိုတော် ဂျေဇီ (Jay Z) နဲ့ R&B အဆိုတော် ဘီယွန်ဆေး (Beyonce)တို့ဟာ သူတို့ရဲ့ ၂ နှစ်အရွယ် သမီး ဘလူး အိုင်ဗီ (Blue Ivy)နဲ့အတူ မြန်မာနိုင်ငံကို ဒီဇင်ဘာ ၂၉ ရက်နေ့က အလည်အပတ် ရောက်လာခဲ့ပါတယ်။

ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထိုင်းနိုင်ငံ ဖူးခက်ကနေတဆင့် ရန်ကုန်လေဆိပ်မှာ လေကြောင်း ဖြတ်သန်းခွင့် ရယူကာ ခရီးတထောက် နားခဲ့ပြီး ရှေးဟောင်းမြို့တော် ပုဂံကို နေ့ချင်းပြန် အလည်အပတ် ခရီးစဉ်ရောက်ရှိခဲ့ကြတာပါ။ သူတို့တွေဟာ ပုဂံမြို့မှာ ဓမ္မရံကြီး၊ အာနန္ဒာဘုရားတွေကို စက်ဘီးတွေနဲ့ သွားရောက်ခဲ့ကြတယ်လို့ မျက်မြင်တချို့က ဆိုပါတယ်။

သူတို့မိသားစုဟာ ခရစ်စမတ်နေ့ မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို အားလပ်ရက် အပန်းဖြေခရီး ရောက်ရှိနေတာဖြစ်ပြီး အာရှဘက်မှာ ဇန်န၀ါရီ ၄ ရက်လောက်အထိ ရှိနေနိုင်မယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြ ထားပါတယ်။

၉၀ခုနှစ် အစောပိုင်းကတည်းကနေ Rap HipHop တေးစီးရီးတွေကို ကိုယ်တိုင်ဖြန့်ချီခဲ့သလို ထုတ်ဝေသူအဖြစ် ဖန်တီးခဲ့တဲ့ အသက် ၄၅နှစ် ရှိနေပြီဖြစ်တဲ့ ဂျေဇီဟာ သူရဲ့ဂီတသက်တမ်းတလျှောက်မှာ ဂရမ်မီတေးဂီတဆုပေါင်း ၁၉ ဆုကို ဆွတ်ခူးထားပါတယ်။ RnB အမျိုးသမီးအဆိုတော်အဖွဲ့ Destiny’s Childနဲ့ ပွဲဦးထွက်အောင်မြင်ခဲ့တဲ့ အသက် ၃၃နှစ်အရွယ် တေးသံရှင်၊ သရုပ်ဆောင် ဘီယွန်ဆေးကတော့ တကိုယ်တော် တေးစီးရီး ၅ခုထွက်ရှိခဲ့ပြီး ဂရမ်မီဆုပေါင်း ၁၇ဆု ပိုင်ဆိုင်ထားပါတယ်။ ဂျေဇီနဲ့ ဘီယွန်ဆေးတို့ဟာ ၂၀၀၈ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂နှစ်အရွယ် သမီးလေး ဘလူးအိုင်ဗီ ကာတာ တယောက်ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75631

တီဗီသတင်းပေးပို့ချက် ရှုစားရန်
အမေရိကန် ရက်ပ်အဆိုတော်နှင့် R&B အဆိုတော် မြန်မာနိုင်ငံ အလည်အပတ်ရောက်ရှိ (ရုပ်/သံ) အမေရိကန် ရက်ပ်အဆိုတော်နှင့် R&B အဆိုတော် မြန်မာနိုင်ငံ အလည်အပတ်ရောက်ရှိ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 18:14 Rating: 5
Powered by Blogger.