ဓားနှင့် ဗုံး တိုက်ခိုက်မှုများအတွက် တရုတ်တွင် လူ ၈ ဦးကို သေဒဏ်ပေး


တရုတ်အစိုးရက ရှင်းကျန်းပြည်နယ် အနောက်ပိုင်းမှာ ပြီးခဲ့တဲ့ နွေဦးရာသီက အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဓားနဲ့ တိုက်ခိုက်မှု ၂ ခုနဲ့ ဗုံးနဲ့ တိုက်ခိုက်မှုတွေ အတွက် ရက်နေ့က လူ ၈ ယောက်ကို သေဒဏ်ပေး လိုက်ပြီလို့ အစိုးရ မီဒီယာတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က အစီရင်ခံပါတယ်။

တခြား ၅ ယောက်ကိုတော့ ဆိုင်းငံ့ သေဒဏ်ပေးပြီး တခြားလူ ၄ ယောက် ကိုတော့ ပိုနည်းတဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။

ဧပြီလက ရှင်းကျန်းပြည်နယ်မြို့တော် အူရုံမ်ချီရဲ့ ဘူတာရုံတခုမှာ ဓားတွေ၊ ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၇၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မေလမှာတော့ အူရုံမ်ချီဈေးထဲမှာ ဆာ့ဖ်ကား၂ စီးရဲ့ ပြတင်းပေါက်ကနေ ပစ်ထည့်လိုက်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။

ရှင်းကျန်းဒေသမှာ ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ၀ီဂါလူမျိုး မွတ်စလင်လူနည်းစုနဲ့ လူများစု ဟန်တရုတ်လူမျိုးတွေကြား အကြမ်းဖက်မှုတွေ အများစုကြောင့် လူရာနဲ့ချီ အသတ်ခံခဲ့ရတာပါ။

တရုတ်နိုင်ငံ ပီကင်းမြို့တော်အပါအဝင် တခြားဒေသတွေက တိုက်ခိုက်မှုတွေကို ရှင်းကျန်းက အစ္စလာမ္မစ် စစ်သွေးကြွတွေက လုပ်တယ်လို့ တရုတ်အစိုးရက အပြစ်တင် ထားပါတယ်။

ပြည်ပြေး ဝီဂါလူမျိုးတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အစိုးရရဲ့ ရှင်းကျန်းပြည်နယ်အတွင်း ဖိနှိပ်တဲ့မူဝါဒတွေနဲ့ အစ္စလာမ့်ဘာသာကို ထိန်းချုပ်မှုတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ရတာလို့ ပြောပြီး တရုတ်အစိုးရဘက်ကတော့ အဲဒီပြောဆိုချက်ကို ငြင်းပါတယ်။

သယံဇာတ ကြွယ်ဝပြီး အလယ်အာရှနယ်စပ်တွေရဲ့ ဗျူဟာမြောက် နေရာမှာ ရှိနေတဲ့ ရှင်းကျန်းပြည်နယ်ဟာ တရုတ်ရဲ့ ကြီးမားလာနေတဲ့ စွမ်းအင် လိုအပ်ချက်အတွက် အရေးပါပါတယ်။

အကဲခတ်တွေကတော့ သယံဇာတရောင်းချမှုက ရတာအများစုဟာ လူများစု ဟန်တရုတ်လူမျိုးတွေဆီ ရောက်ပြီး ဝီဂါလူမျိုးတွေကြားမှာ မကျေမချမ်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73308
ဓားနှင့် ဗုံး တိုက်ခိုက်မှုများအတွက် တရုတ်တွင် လူ ၈ ဦးကို သေဒဏ်ပေး ဓားနှင့် ဗုံး တိုက်ခိုက်မှုများအတွက် တရုတ်တွင် လူ ၈ ဦးကို သေဒဏ်ပေး Reviewed by သစ်ထူးလွင် on 15:49 Rating: 5
Powered by Blogger.