မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ

တောင်ကြီးမြို့ (ဓာတ်ပုံ – Shan News)
မွတ်ဆလင် သတို့သား သတိုးသမီးအပါအ၀င် မင်္ဂလာပွဲသွားရင်း ဖမ်းဆီး တရားစွဲခံရသူတွေရဲ့ အမှုကို လိုက်ပါတဲ့အတွက် အပုပ်ချ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ရှမ်းပြည်နယ် တောင်ကြီးမြို့က ရှေ့နေ ဒေါ်ခင်မို့မို့က ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ လခန့်က ကွန်ဟိန်းမြို့မှာ မင်္ဂလာဆောင်သွားတဲ့ အစ္စလာမ်ဘာသာဝင် အဖွဲတဖွဲ့ကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ကွန်ဟိန်းမြို့အ၀င်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တောင်ကြီးမြို့မှာနေထိုင်သူ ၆ ဦးပါဝင်ပြီး ကျန်သူတွေကတော့ ကျောက်ဆည်မြို့နယ် လက်ပံရွာသားတွေအပါအ၀င် အားလုံး ၁၄ ဦးပါဝင်ပါတယ်။ ဒီနောက် သတို့သမီးနဲ့ သတို့သားအပါအ၀င် ၆ ဦး ထပ်မံဖမ်းဆီးခဲ့ပြီး သူတို့တတွေကို လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင်လုပ်ဆောင်မှုပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅(ည) နဲ့ တရားစွဲ ပြီး ရုံးထုတ် စစ်ဆေးနေတာပါ။

မွတ်ဆလင်တွေဘက်က ရှေ့နေလိုက်လို့ တိုက်ခိုက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရတယ်လို့ တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှေ့နေ ဒေါ်ခင်မို့မို့က ပြော ပါတယ်။

“ရုံးချိန်းရှိတဲ့နေ့မှာ တရားရုံးရှေ့မှာ ဘုန်းကြီးတွေလာတယ်။ ရှေ့ပိုင်းတုန်းကဆိုရင် စာရွက်တွေပါဝေတယ်။ နောက်တခါ စွမ်းအားရှင်အဖွဲ့တွေကလည်း ရုံးချိန်းမှာဆိုရင် ရုံးရှေ့လာပြီး တော့ ဒီအမှုက မိသားစုတွေကို ရန်စချင်တာမျိုးတွေ၊ ဒီ ဖေ့ဘုတ်တွေမှာတော့ ပေါ်ပေါ်တင်တင်ကို အပုပ်ချတာတွေ လုပ်နေတယ်။ ဒီ ဒီဇင်ဘာအကုန်မှာ ဒီအမှုက လုံးဝ ပြီးသွားတော့မှာ အဲဒီအချိန်မှာက တရားမျှတမှုမရအောင် တရားရုံးကို စောင့်ကြည့်နေတယ်။ ဒီအမှုမှာ ပြစ်ဒဏ်နည်းရင်တော့ ငါတို့က ဆူမှာပဲဆိုပြီး စာတွေပို့တာတွေ ရှိတယ်။”

တောင်ကြီးခရိုင်တရားရုံးမှာ အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသာပတေးနေ့တွေမှာ စစ်ဆေးနေ ပါတယ်။ တောင်ကြီးမြို့မရဲစခန်းကတော့ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး လူစုလူဝေးလည်းမရှိသလို အားလုံးကတော့ အေးအေးချမ်းချမ်းပဲလို့ ပြောပါတယ်။

တရားစွဲဆိုခံရတဲ့ တောင်ကြီးမြို့ခံတဦးရဲ့ အမည်မဖော်လိုသူ ဖခင်ကတော့ အာဏာပိုင်တွေဟာ သားကို စဖမ်းသွားကတည်းက ဘယ်မှာထားတယ်ဆိုတာ မပြောဘဲ ထောင်ရမန်ယူတဲ့အချိန် တလကြာမြင့်မှ သားနဲ့ တွေ့ခွင့်ရတယ်လို့ ပြောပါတယ်။ တရားစွဲခံမွတ်ဆလင်တွေဘက်က အမှုလိုက်မယ့်ရှေ့နေ ခက်ခက်ခဲခဲ ရှာဖွေရတယ်လို့ သူက ပြောပါတယ်။

“တွေ့တော့ ကလေးတွေက ငိုကြတာပေါ့ဗျာ။ သူတို့ကို ရှေ့နေငှားပေးပါ သိပ်ဒုက္ခ ရောက်တာပေါ့။ ကျနော်လည်း ရှေ့နေငှားတယ် ဒါပေမယ့် ရှေ့နေတွေက မလိုက်ရဲကြဘူး ဗျာ။ ဘယ်သူ့မှမလိုက်ရဲတော့ ကျနော်က မဖြစ်ဖြစ်အောင်တော့ ဒေါ်ခင်မို့မို့ကို သွားပြီး အကူအညီတောင်းရတာပေါ့။ ဘယ်သူကမှလည်း မလိုက်ရဲကြဘူးဆိုတော့ ဒေါ်ခင်မို့မို့က လိုက်ပေးပါတယ်။”

ဒါ့အပြင် တရားလိုထွက်ဆိုချက်အရ ဖမ်းဆီးခံထားရသူတွေဟာ ပြစ်ချက်မရှိတဲ့အတွက် လွှတ်ပေးဖို့လည်းတောင်းပါတယ်။

“အမှန်ကတော့ သူတို့ ပြစ်ချက်ကလည်း မရှိဘူးဗျာ။ ဗိုလ်ကြီးဇေယျာလင်းဆိုတာ တရား လိုပေါ့ဗျာ။ သူ့ရဲ့ထွက်ဆိုချက်ထဲမှာလည်း ဘာစာရွက်စာတန်းမှလည်း မမိဘူး။ ဘာလက်နက် ပစ္စည်းမှလည်း မမိခဲ့ဘူး။ ဆိုတော့ ဒီကလေးတွေမှာ အပြစ်မရှိဘဲ ဒီလိုပုဒ်မကြီး တပ်ထားတာ လည်း မသင့်လျော်ဘူးပေါ့ဗျား။ ပုဒ်မကို ပြန်ပြောင်းရင်လည်းပြောင်း မပြောင်းရင်လည်း လွတ်ပေးပေါ့ ကလေးတွေက အပြစ်မှ မရှိဘဲ။”
မင်္ဂလာဆောင်ကို အကြောင်းပြုပြီး လူ ၂၀ က အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်မယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး တရားစွဲခံနေကြရတာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/73343
မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ မွတ်ဆလင်တွေဘက်ကလိုက်သည့် အမှုလိုက်ရှေ့နေ ခြိမ်းခြောက်ခံရ Reviewed by သစ်ထူးလွင် on 18:02 Rating: 5
Powered by Blogger.