သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီး

လားရှိုး သြဂုတ် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့တွင် သြဂုတ် ၂၁ ရက် နံနက်ပိုင်းက သက်တမ်းလွန် ပျက်စီးနေသော ဆေးဝါးများကို လားရှိုးမြို့ရှိ ကြာကန်အမှိုက်ပုံတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း AA Medical Product Ltd. လားရှိုးရုံးခွဲမှ သိရသည်။

အဆိုပါဆေးဝါးများကို လားရှိုးမြို့၌ မီးရှို့ဖျက်ဆီးရာတွင် AA Medical Product Ltd. နှင့် ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးတို့ ပါဝင်ဆောင်ရွက်ကြသည်။

AA Medical Product Ltd. မှ စီမံခန့်ခွဲရေးမန်နေဂျာ ဦးဝင်းရင်ထွန်းက ''ပျက်စီးနေတဲ့ သက်တမ်းလွန်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတာကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ ပထမဆုံးအကြိမ် ပြုလုပ်တာပါ။ ရှစ်နှစ်အတွင်း ပျက်စီးနေတဲ့ ဆေးဝါး၊ ရက်လွန်ဆေးဝါးတွေကို ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ရုံးချုပ်ကို စာရင်းနဲ့တင်ပြခဲ့ပါတယ်။ သက်ဆိုင်ရာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးကော်မတီ (နေပြည်တော်)ရုံးချုပ်က ဖျက်ဆီးခွင့်ပြုပါတယ်။ လားရှိုးမှာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးကော်မတီမရှိတာကြောင့် ကျန်းမာရေး ဦးစီးဌာနက ဆက်လက်ဆောင်ရွက်ပေးပါတယ်။ဒါ့အပြင် ကျွန်တော်တို့ AA Medical Product Ltd. အနေနဲ့ ဆေးဝါးတွေကို ဖြန့်ဖြူးတဲ့ နေရာမှာ သက်တမ်းလွန်ဆေးဝါးတွေကို ဈေးလျှော့ပြီး ဖြန့်ဖြူးတာမျိုးမလုပ်ဘူး။ ဆေးဝါးတွေထုပ်ပိုးထားတဲ့အပေါ်မှာ ထုတ်လုပ်နေ့စွဲ သက်တမ်းကုန်ဆုံးမည့်နေ့စွဲ ထုတ်လုပ်တဲ့ကုမ္ပဏီအမည် စတာတွေအားလုံးဖော်ပြထားပါတယ်''ဟု ပြောသည်။

လားရှိုးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့ သော AA Medical Product Ltd. ဆေးဝါးများတွင် ငှက်ဖျားရောဂါပျောက်ဆေး Artunate ဆေး ၃၁၃ ကတ်အပါအဝင် ဆေးဝါးမျိုးစုံပါဝင်ပြီး ဖျက်ဆီးခဲ့သော ဆေးဝါးများတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၁ဝ၅ သိန်းကျော်ရှိသည်ဟု AA Medical Product မှ Admin manager ဦးဝင်းရင်ထွန်းက ပြောပြသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီး သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီး Reviewed by သစ်ထူးလွင် on 17:26 Rating: 5
Powered by Blogger.