လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီး သိမ်းဆည်း ခြင်းကို ပြန်လည် သုံးသပ် ပေးစေလို (ပေးစာ)

 လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီး သိမ်းဆည်း ခြင်းသည် ဥပဒေကို အသုံးချ၍ ပြည်သူတို့၏ ပစ္စည်းဥစ္စာကို အနိုင်ကျင့်သိမ်းယူခြင်းသာဖြစ်သည် ။

ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိမ်းသိမ်းရေး ကြီးကြပ်မှုကော်မတီ မှ ထုတ်ပြန်ထားသောသတိပေးနှိုးဆော်ချက်

(  သို့မဟုတ် )

မသက်ဆိုင်သော ဥပဒေ ကို ပြ၍ အဓမ္မ အနိုင်ကျင့်သိမ်းဆည်းရန် ထုတ်ပြန်ထားသော ခြိမ်းခြောက်စာ

       "သတိပေးနှိုးဆော်ချက်"

      ၁  ။  ယာဉ်မှတ်ပုံတင်လိုင်စင်မရှိသော မော်တော်ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လိုင်စင်ပြုလုပ်ရန် (၁၇ -၂ - ၂၀၁၄) ရက်နေ့မှ ( ၄ - ၇ - ၂၀၁၄ ) ရက်နေ့ထိ ကာလသတ်မှတ်၍ အကြိမ်ကြိမ် အသိပေးနှိုးဆော်ပြီး မော်တော်ဆိုင်ကယ် မှတ်ပုံတင်လိုင်စင်များ ဆောင်ရွက်ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည် ။

     ၂  ။ သို့ဖြစ်ပါ၍ ( ၁ - ၉ - ၂၀၁၄ ) နေ့မှစတင်ပြီး ပဲခူးတိုင်းဒေသကြီး နယ်မြေအတွင်း မော်တော်ဆိုင်ကယ် မှတ်ပုံတင် လိုင်စင်ပြုလုပ်ခြင်းမရှိပဲ လိုင်စင်မဲ့ စီးနင်းအသုံးပြုသွားလာမှုတွေ့ရှိပါက ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ( ၁၇ ) ဖြင့် ပြဌာန်းထားသည့် " ပို့ကုန်သွင်းကုန်ဥပဒေ" အရ အရေးယူသွားမည်ဖြစ်ပြီး အောက်ပါအတိုင်း ပြစ်ဒါဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည် ။

   ( က )  တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် (၃)နှစ်ထက်မပိုသောထောင်ဒါဏ်ဖြစ်စေ ငွေဒါဏ်ဖြစ်စေ ဒါဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ။

   ( ခ )  ပြစ်မှုကျူးလွန်ရာ၌ အကျုံးဝင်သော သက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရမည် ။

          ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိမ်းသိမ်းရေး ကြီးကြပ်မှုကော်မတီ

    ဟုဖော်ပြပါရှိသော လက်ကမ်းစာရွက်များ ဖြန့်ဝေ ခဲ့ပါသည် ။

    အဲဒီစာရွက်မှာပါတဲ့ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ( ၁၇ ) ပါပြဌာန်းချက် အချို့ကိုလေ့လာကြည့်ပါ

     အခန်း (၄)
   တားမြစ်ချက်များ

   ၅ ။ မည်သူမျှ ကန့်သတ် တားမြစ်ပိတ်ပင် ထားသောကုန်ပစ္စည်းများကို တင်ပို့ခြင်း တင်သွင်းခြင်းမပြုရ

   [လိုင်စင်မဲ့ဆိုင်ကယ်စီးသူများသည် နိုင်ငံခြားမှ မှာယူတင်သွင်းပြီး နယ်စပ်မှာ အကောက်ခွန်မဲ့ ခိုးသွင်းလာသူများမဟုတ်ပါ ။ ပြည်တွင်း၌ပင် ပြောင်ရောင်းချနေသော အကောက်ခွန်မဲ့တင်သွင်းလာသူများထံမှ ကြိုက်ရောင်းကြိုက်ဝယ် အလွယ်တကူ ဝယ်ယူခဲ့ခြင်းသာဖြစ်ပါသည် ။ ထို့ကြောင့် ဤဥပဒေပါ ပုဒ်မ ၅ နှင့် မသက်ဆိုင်ပါ ။ တင်သွင်းရောင်းချသူများနှင့်သာဆိုင်သည် ။ ]

    ၆ ။  မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသောကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရ ။

      [  ဤပုဒ်မ ၆ ပါပြဌာန်းချက်သည်လည်း ဝယ်ယူစီးနင်းသူနှင့် မသက်ဆိုင်ပါ ။  တင်သွင်းလာသူများနှင့်သာဆိုင်ပါသည် ။ ]

      ၇ ။  မည်သည့် ခွင့်ပြုချက်ရှိသူမျှ ခွင့်ပြုချက်ပါ စည်းကမ်းများကို ဖောက်ဖျက်ခြင်းမပြုရ ။

       [ ဤပုဒ်မ ၇ သည်လည်း ဝယ်ယူစီးနင်းသူများနှင့်မဆိုင်ပါ ။ ခိုးသွင်းသူများနှင့်တောင်မဆိုင်ပါ ။ ခွင့်ပြုချက်ရပြီး တင်သွင်းသူများနှင့်သာဆိုင်ပါသည်။]

         အခန်း (၅)
     ပြစ်မှုနှင့် ပြစ်ဒါဏ်များ

     ၈  ။ မည်သူမဆို ပုဒ်မ ၅ ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒါဏ်ဖြစ်စေ ငွေဒါဏ်ဖြစ်စေ ဒါဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။

   [ ဝယ်ယူစီးနင်းသူများသည် အထက်ပါ ပုဒ်မ ၅ ၊ ပုဒ်မ ၆ တို့နှင့်မဆိုင်သောကြောင့် ဤပြစ်ဒါဏ်နှင့်လည်းမဆိုင်ပါ ]

   ၉ ။ မည်သည့်ခွင့်ပြုချက်ရှိသူမဆို ပုဒ်မ ၇ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသောထောင်ဒါဏ်ဖြစ်စေ ငွေဒါဏ်ဖြစ်စေ ဒါဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။

    [ ဝယ်ယူစီးနင်းသူများ ၊ ခိုးသွင်းသူများ သည် အထက်ပါ ပုဒ်မ ၇ နှင့်မဆိုင်ပါ ။ ထို့ကြောင့် ဤပြစ်ဒါဏ်နှင့်လည်းမဆိုင်ပါ ။]

     ၁၀ ။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်သူ သို့မဟုတ် အားပေးကူညီသူအား ယင်းပြစ်မှုကိုကျူးလွန်သူဖြစ်ဘိသကဲ့သို့ ပြစ်ဒါဏ်ချမှတ်ရမည့်ပြင် ပြစ်မှုကျူးလွန်ရာ၌ အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူရမည် ။

   [  လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းသူများသည် ၄င်းတို့ဝယ်ယူသော ဆိုင်ကယ်များကို ပြပမှတင်သွင်းရန်အားထုတ်ခြင်းမပြုရဘဲ ပြည်တွင်း၌သာ အလွယ်တကူ ဝယ်ယူခဲ့ကြခြင်းဖြစ်၍ အားထုတ်သူမဟုတ်ပါ။
    ထို့အတူ တင်သွင်းသူများကို ငွေအရင်းအနှီးထုတ်ပေးထားခြင်းမျိုးမရှိသလို ထိုဆိုင်ကယ်များရောင်းချရန်နေရာပေးခြင်း သယ်ယူပေးခြင်း မရှိကြပါ။ ထို့ကြောင့် အားပေးကူညီသူလည်းမဟုတ်ပါ ။ ထို့ကြောင့် ဤပြစ်ဒါဏ်နှင့်လည်းမဆိုင်ပါ ။ ]

     ဤသို့ဆိုလျှင် အဘယ့်ကြောင့် ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ( ၁၇ ) နှင့် အရေးယူရပါသနည်း ။
      အကောက်ခွန်မဲ့ တင်သွင်းလာသော ပစ္စည်းကို ဝယ်ယူသုံးစွဲမိသူသည် ဤ ဥပဒေ အမှတ် (၁၇) အရ ပြစ်ဒါဏ်ထိုက်လျှင် အခြားသော အကောက်ခွန်မဲ့ တင်သွင်းလာသော ရေခဲသေတ္တာ လေအေးစက် ရုပ်မြင်သံကြားစက် ဆေးဝါး စားကုန် လူသုံးကုန် ပစ္စည်းများစွာကို ဝယ်ယူသုံးစွဲမိသူများသည်လည်း ပြစ်ဒါဏ်ထိုက်ပေမည် ။ အရက်ပုန်း ရောင်းသူကို အရေးယူရမှာလား အရက်သောက်သူကို အရေးယူရမှာလား ကွဲပြားစွာစဉ်းစားပါ ။

   ယခုပြောဆိုနေခြင်းသည် လိုင်စင်မဲ့ဆိုင်ကယ်စီးခြင်းကို ခွင့်ပြုပေးရန်တောင်းဆိုနေခြင်းမဟုတ်ပါ ။ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများကို စည်းကမ်းတကျ သုံးစွဲလာစေရန် အသိပညာပေးရမည် ၊ လိုင်စင်လုပ်ရလွယ်ကူသက်သာမြန်ဆန်အောင် လုပ်ပေးရမည် ၊ လိုင်စင်မဲ့စီးသူများကို ဖမ်းပြီး လိုင်စင်လုပ်ခိုင်းပါ ပြီးလျှင်ပြန်ပေးလိုက်ပါ ။ မြန်မာပြည် ကျေးလက်တောရွာအနှံ့ သုံးစွဲနေသော ဆိုင်ကယ်များသည် ကျေးရွာခြင်းဆက်လမ်းများတွင် လွယ်ကူစွာသွားလာနိုင်၍ ကျန်းမာရေး ရောင်းဝယ်ရေး လူမှုရေး ပညာရေး စသည်တို့တွင် လွန်စွာအထောက်အကူဖြစ်စေသောကြောင့် ရှိတဲ့ငွေလေးနဲ့ စုဆောင်းဝယ်ယူသုံးစွဲနေကြခြင်းဖြစ်ပါသည် ။

    အစိုးရ အနေနှင့် ပြည်သူကို ထိခိုက်စေသော အမိန့်ကို ပြန်လည်သုံးသပ် ပြုပြင်သင့်ပါသည်။

    ဤသို့မဟုတ်ပါက ယခု အမိန့်သည် မဆိုင်သောဥပဒေကြီးကိုပြပြီး ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာကို ခြိမ်းခြောက် အနိုင်ကျင့် သိမ်းယူခြင်းသာဖြစ်ကြောင်း တင်ပြအပ်ပါသည် ။

U Ko Chit ( Paungde )

BY THIT HTOO LWIN


လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီး သိမ်းဆည်း ခြင်းကို ပြန်လည် သုံးသပ် ပေးစေလို (ပေးစာ)  လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီး သိမ်းဆည်း ခြင်းကို ပြန်လည် သုံးသပ် ပေးစေလို (ပေးစာ) Reviewed by သစ်ထူးလွင် on 21:07 Rating: 5
Powered by Blogger.