တရုတ်က အခွန်တိုးယူခြင်းကြောင့် မဟာအောင်မြေကျောက်ဝိုင်း အရောင်းအ၀ယ်ပါးနေ

ဝင့်သင်ဇာကျော် (မြစ်မခ)
မေ (၂)ရက် ၊ ရန်ကုန်မြို့။
 
တရုတ်ပြည်တွင်းတွင် အခွန်အခတိုးမြှင့်ကောက်ခံနေခြင်းကြောင့် မန္တလေးမြို့မဟာအောင်မြေ ကျောက်ဝိုင်းတွင် အရောင်းအ၀ယ်ပါးလျက်ရှိကြောင်း  ကျောက်ကုန်သည်များထံက သိရှိရသည်။

“တရုတ်ပြည်ကနေ ကျနော်တို့ဆီက ကျောက်ဝယ်သွားတယ်၊ သူတို့တရုတ်ပြည်ဘက်ပြန်ရင် အခွန်ခက ၃၃% ပြန်ဆောင်ရတယ်။ အဲ့တော့ တရုတ်လူမျိုးတွေ တော်တော်နဲ့လာ မ၀ယ်တော့ဘူး။” ဟု မန္တလေးမြို့တွင် ကျောက်အရောင်းအ၀ယ်ပြုလုပ်သူ ကိုဇော်မင်းခိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေကျောက်ဝိုင်းတွင် ကျောက်အရောင်းအ၀ယ်အေးနေရခြင်းမှာ တစ်နှစ် နီးပါးရှိပြီဖြစ်သောကြောင့် ယခုအခါတွင် ကျောက်များကို ဈေးလျော့ရောင်းသော်လည်း အရောင်းအ၀ယ်မဖြစ် ကြောင်း သိရှိရသည်။


“ အရောင်းအ၀ယ် တော်တော်အေးတယ်။ အဲ့ဒါကလဲ အခုမှ မဟုတ်ဘူး တစ်နှစ်လောက်ရှိပြီ။ အဲ့ဒါကြောင့်မို့ ထက်ဝက်လောက် လျော့ရောင်းတယ်။ ကျွန်တော်တို့အတွက် တွက်ချေတော့ မကိုက်ဘူးပေါ့။ သူတို့ တရုတ် ပြည်ဘက်မှာ ဆောင်ရတဲ့ အခွန်ခက တိုးမြင့်ကောက်လို့ မလာတော့တာနဲ့တူပါတယ်။” ဟု ကိုဇော်မင်းခိုင်က ဆက်ပြောသည်။

ကျောက်ကုန်သည်များ ကျောက်အရောင်းအ၀ယ်ပါးနေရခြင်းမှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်လူမျိုးများ လာရောက်လည်ပတ်မှု နည်းလာခြင်း၊ တရုတ်ပြည်တွင် တရုတ်လူမျိုးများအား ချေးငွေ ထုတ်မပေးခြင်းနှင့် အခွန်ခတိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ကျောက်ကုန်သည်အချို့က သုံးသပ်ပြောဆိုသည်။


“အကြောင်းအရင်းကတော့ အမျိုးမျိုးပေါ့။ ကျွန်တော်တို့ထင်တာကတော့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့အပေါ်မှာ တစ်ခုခုဖြစ်လို့လား။ နောက်တစ်ခု ကြားသိရသလောက်ကတော့ သူတို့တရုတ်ပြည်မှာ ချေးငွေတွေ ထုတ်မပေး လို့ဆိုပြီး ကြားရတယ် အဲ့ဒါကြောင့် မန္တလေးကို အ၀င်နည်းပြီး ကျောက်အရောင်းအ၀ယ်ပါးတာ ဖြစ်နိုင်တယ်။” ဟု ကျောက်ကုန်သည်တစ်ဦးဖြစ်သူ ကိုမျိုးဇော်က သူ၏အမြင်အား ပြောသည်။

တရုတ်လူမျိုးများ အများဆုံးဝယ်ယူသော ကျောက်အမျိုးအစားမှာ အပွင့်ကျောက်၊ အချပ်၊ လက်ကောက်နှင့် အပွင့်ကျောက်တွင်မှ စိမ်းရွှင်ကျောက်အား အ၀ယ်များပြီး တရုတ်လူမျိုးသည် ၀တ်စားဆင်ယင်ခြင်း၊ အိမ်အလှ ဆင်ခြင်းများကို လာဘ်ကောင်းသောကြောင့် အဆောင် သဘောမျိုးဖြင့် ၀ယ်ယူလေ့ရှိကြောင်း သိရသည်။


လွှာချပ်တစ်ထုပ်လျှင် ကျပ်ငါးသောင်းမှ ကျပ်သိန်းတစ်ရာနီးပါး အထိ ဈေးရှိပြီး၊ အပွင့်ကျောက် (စိမ်းရွှင်) တစ်ကလပ်လျှင် ကျပ်သိန်းလေးရာဝန်းကျင်အထိ ဈေးနှုန်းရရှိကြောင်း သိရှိရသည်။

အဆိုပါကျောက်များကို နေပြည်တော်ကျောက်မျက်ပြပွဲများက သွားရောက်ဝယ်ယူရောင်းချလေ့ရှိသလို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်များမှ ကျောက်များကို ပြန်လည်ဝယ်ယူရောင်းချကြောင်း ကိုလည်း မန္တလေးကျောက်ကုန်သည်များက ပြောသည်။
Shwe Myitmakha Media Group
တရုတ်က အခွန်တိုးယူခြင်းကြောင့် မဟာအောင်မြေကျောက်ဝိုင်း အရောင်းအ၀ယ်ပါးနေ တရုတ်က အခွန်တိုးယူခြင်းကြောင့် မဟာအောင်မြေကျောက်ဝိုင်း အရောင်းအ၀ယ်ပါးနေ Reviewed by သစ်ထူးလွင် on 17:50 Rating: 5

13 comments:

for myanmar said...

ပြင်ပဈေးကွက်ရှာသင့်တာပေါ့

ကိုကိုညို said...

သတင်းတွေကြားနေရတာတော့ မန္တလေးကျောက်မျက်ရတနာဈေးက စည်ပင်ဝန်ထမ်းတွေက အစဉ်အလာမရှိ၊ဥပဒေမရှိဘဲ ကျောက်ဝိုင်းဝင်ခွင့်ငွေကောက်နေတယ်လို့ကြားရပါ
တယ် ဟုတ်ပါသလား ဟုတ်ခဲ့ရင်တော့ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်မို့ သက်ဆိုင်ရာကိုတိုင်ကြားပြီး နိင်ငံသားအရေးကိုတောင်းခံကြပါ

Anonymous said...

မပူပါနဲ့ရတနာအစစ်ဖြစ်တဲ့မိုးကုတ်ကျောက်အရောင်းအဝယ်လုပ်ပါ......

Anonymous said...

တရုတ်ထုတ် စားသောက်ကုန်တွေ သေသေချာချာ စစ်ဆေးသင်.ပါတယ် ၊ ... ကမ္ဘာ မှာ NO. 1 အန္တရာယ် အများဆုံး CO. တွေပါ ၊

Anonymous said...

အဲဒါပဲ တယုတ်ဆိုတာ အဲဒါပဲ
ဒါကြောင့် လက်ရှိသတ်ပုံ မှားနေလို့ကို
ပြောင်းရေးရတာ အခုမှ နေ့နံအကိုက် အံကျ
ွှအနက်အဓိပ္ပါယ် ထိထိမိမိ

Unknown said...

သူတို့မ၀ယ်လည်း ကျွန်တော်တို့ပါသည် လုပ်စားလို့ဖြစ်တယ်။ သူတို့ကိုမလိုဘူး။ တနိုင်ငံလုံးကောင်းစားဖို့ ကျွန်တော်တို့ ကျောက်သမားတွေ အဆင်းရဲခံနိုင်ရမယ်။ မြစ်ဆုံစီကိန်းက တကယ်မရှိသင့်တာပါ။ ရပ်ဆိုင်းတာထက် လုံးဝကို အမြစ်ဖြတ် ပြစ်ရမယ့် ကိစ္စကြီးပါ။ နောက်ပြီးရင် ကျောက်ဝိုင်း ထဲမှာ ဗမာစကားတောင် မတတ်ပဲ ဗမာတွေ ကို လူပါးလာဝနေတဲ့ သူတွအများကြီး။ ဒါဟာ ဒီလူပါးဝနဲ့ သူတွေနဲ့ ကင်းလွတ်ဖို့ လမ်းစပဲ။ ဘယ်လောက်ခက်ခဲ ခက်ခဲ ကျွန်တော့်အနေနဲ့ ၀မ်းသာမိပါတယ်။ ဒီလိုကြီးပဲ အမြဲတန်းအဆင်မပြေ ဖြစ်နေမှာမှမဟုတ်တာ။ လမ်းကြောင်းအသစ် သို့မဟုတ် အခွင့်အလမ်း အသစ်တခုပေါ်လာမယ်လို့ ကျွန်တော်တော့ယုံကြည်တယ်။

tanaka said...

တရုတ်ကမြန်မာကိုအချောင်နိုက်လို့မရတော့မှန်းသိတယ်။မြန်မာပြည်အခုလိုပြောင်းလည်းလာတာတခြားကမ္ဘာ့နိုင်ငံတော်
တော်များများဝမ်းသာပေးနေကြပေမဲ့သူတို့အတွက်တော့သတင်းဆိုး
ကြီးတခုလိုဖြစ်နေမှာ။သူတို့ရဲ့စီးပွားရေးဗျုဟာတွေပါ။မြန်မာလူမျိုး
တွေတရုတ်အကြောင်းကောင်းကောင်းသိကြပါတယ်။

တြိရတနာ said...

ဒါလွယ်လွယ်လေးပါ ကမ္ဘာတရုတ်နဲ့ပေါင်းလို့ချမ်သာတဲ့နိုင်ငံလို့ မကြာဘူးပါ။အမေစုကို EU ကလူတွေ အားပေးကြပါလို့ မေတ္တာရပ်ခံခိုင်လိုက် ဖုံမှုံ့ပါမကျန် အားပေးကြပါလိမ့်မယ်။ ဒါလမ်းဘေးကျောက်မဟုတ်ဘူး နောက်ဆို ဈေးကောင်းတောင်ရအုံးမယ် ကျောက်ကုန်သည်တွေ ပြည်သူလောက်မငတ်သေးပါဘူး အောင့်ထားပါ။နောက် ၃ လလောက်ဆို အနောက်နိုင်ငံက လာကြတော့မယ်လေ။

တန`င်္လာကိုကို said...

Tourist Attraction Zone ပုဂံ၊ အင်းလေးဘက်မှာ အချောထည်၊
လက်မှုအနုပညာပစ္စည်းထည်၊ လူသုံးပစ္စည်းထည် ဈေး ၂ ခုလောက်လုပ်
ကြည်.ပါလား။ ဒါကျွန်တော်နောက်လုပ်ဘို.စီစဉ်နေတဲ.လုပ်ငန်းတစ်ခုပါ။
တရုတ်မှာ Jade ဆိုင်ကြီးကဈေးကြီးတစ်ခုစာလောက်ရှိတယ်။ ဒါနဲ.
စိတ်ကူးရလို.၊ တမျိုးသားလုံးစားရတာပေါ.ဗျာ။ Tourist တွေတွက်
လဲကြည်.စရာဝယ်စရာတနေရာတိုးတာပေါ.။ ဒါပေမည်.လုံးဝရိုးသားမှ
ရပါတယ်။ တချက်ဖေါက်တာနဲ.ဈေကွက်ပျက်သွားမှာပါ။ တခြားဈေးကွက်
နဲ.မတူပါဘူးဖျံကျလို.မရဘူး။ ယုံကြည်စိတ်ချရမှုပေးပြီးရေရှည်စားရမှာပါ။
ဝင်ငွေကောင်းပြိုင်ဘက်မရှိတဲ.ဆိုင်ကြီးနဲနဲပြီးစလွယ်လုပ်တော.ထိသွားပါ
တယ်။ ကောက်သော်စားမလောက်၊ ဖြောင်.သော်စားမကုန် ဆိုတဲ.
စကားပုံအတိုင်းပါပဲခင်ဗျာ။ အခက်အခဲတွေတော.ရှိတာပါပဲ။ ကျွန်တော်.
ထက်နားလည်တတ်ကျွမ်းတဲ.သူတွေအများကြီးပါ။ ၎င်းပညာရှင်များ
ဆက်ဆွေးနွေးပါလိမ်.မည်။ ဒါကျွန်တော်သိတဲ.နဲနဲလေးမျှတာပါခင်ဗျာ။

la woon said...

အေးလေ...
သူတိုက အမြတ်တွေရပြီး စားနေကြရတုန်းက အသံမထွက်ဘူး
အခုတယုတ်တွေကျောက်လာမဝယ်တော့ အသံတွေထွက်နေလိုက်ကျတာ
တော်တော်ပေါပေါပဲပဲ ရောင်းချင်နေကြတယ်
မြစ်ဆုံစီမံကိန်းကိုပဲ သူတို
ကျောက်ရောင်းထွက်အောင် ပြန်ခွင့်ပြုရမလို
လုံးဝပဲ...

Shin Myochit said...

မဝယ်တာပိုတောင်ကောင်းသေးတယ်၊သူတို့ပေးတဲ့ဈေးထက်ပိုရနိုင်တဲ့နည်း
လမ်းတွေအများကြီးရှိတယ်၊ဒါပေမဲ့မြန်မာတွေအလုပ်ပိုလုပ်ရမယ်၊အကြမ်း
အတိုင်းရောင်းမဲ့အစားTourist အကြိုက်အချောစားပုံစံအမျိုးမျိုးတီတွင်ပြီး
ရောင်းချသင့်တယ်၊နည်းလမ်းတွေကိုတော့ပြည်ပနိုင်ငံတွေဆီကအတုလဲ
ယူ၊ကိုယ်ပိုင်တီထွင်မှုပါပေါင်းလိုက်ရင်တရုတ်မနာလိုဖြစ်ပြီးမြန်မာပြည်သား
အချင်းချင်းရန်ဖြစ်အောင်ရန်တိုက်ဖျက်ဆီးကြမှာ၊အဲဒီအိမ်နီးချင်းနိုင်ငံတွေရဲ.
နည်းဗျူဟာကိုလည်းမြန်မာပြည်သားတွေသတိရှိဘို.လိုတယ်နော်၊အဝေးကို
မျှော်ကြည့်ထားတော့ဘေးကင်းတာပေါ့၊ပထမစကားကိုပြန်ဆက်ပြောရရင်ဗီ
ယက်နန်၊ထိုင်တို့ဆိုလက်မှုပညာသိပ်တော်တယ်တယ်၊နိုင်းယှဉ်ကြည့်ဘူးတယ်၊ဒါအပြင်အခြားနိုင်ငံတွေလဲရှိကြမှာပါ၊ကျွန်းသစ်တွေဆိုလဲဒီအတိုင်း
ဘဲ အကြမ်းသစ်လုံးရောင်းချမဲ့အစားတီထွင်ပြီးအချောပရိဘောဂလုပ်တဲ့နည်း
လမ်းရှာသင့်တယ်၊မပူပါနဲ့တရုတ်မပါဘဲဖြစ်နိုင်တဲ့နည်းတွေရှိပါတယ်၊

ဖိုးတောက် said...

နေပါ .. အိမ်နီးချင်းကြီးရေ... ကျောက်စိမ်းက မင်းတို့ဝယ်မှကုန်မှာမဟုတ်ပါဘူး....
နောက်ဈေးကွက်တခု အမြန်ပေါ်လာမှာပါ....
ငါတို့ဆီက ကျောက်သမားတွေ မင်းတို့ဝယ်မှ ထမင်းစားရမယ်ဆိုတာ မယုံဘူး... နောက်ဆုံးမရောင်းရတဲ့အဆုံး.. ကျောက်စိမ်းတွေနဲ့ လမ်းခင်းပြမယ်... ဟားဟား...

zaw hlaing oo said...

မြန်မာပြည်မှာတရုတ် မပါပဲနဲ့မရဘူးလားဗျာ တရုတ်မရှိလည်း ဒီထက်တော့ မဆင်းရဲလောက်တော့ပါဘူးဗျာ

Powered by Blogger.