သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ


မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။

မေလ (၂၇)ရက်နေ့တွင် ကိုတင်မိုးဝင်းသည် အစားမစားရ၍ အားအင်ကုန်းခမ်းပြီးလဲကျသွားကြောင်း ကိုဇော်မင်းလတ်သည် အစာရောဂါရှိ၍ ဗိုက်အောင့်ကာ လဲကျသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အစာအိမ်ရောဂါရှိတဲ့သူတွေကို အစာငတ်ခံဆန္ဒပြတဲ့ထဲမှာမပါပါရဘူးပြောပါတယ်၊ အဲဒါကိုဇော်မင်းလတ်က မပြောပဲဝင်သွားတာပါ၊ ညကသွေးဝန်းတွေသွားလို့ ဒီနေ့မနက် ၈နာရီခွဲမှာ မှော်ဘီဆေးရုံ တင်လိုက်ရပါတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်ထက်က ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသူများသည်အလုပ်သမား(၃၀၀)ကျော်ရှိပြီး၊ အဆိုပါအလုပ်သမားများသည် နေ့ကြေးကျပ်(၁၆၀)နှင့် ဆုကြေး(၁၀၀၀)ကျပ် ၀န်းကျင်ခန့် ရရှိနေကြကြောင်း ဆန္ဒ ထုတ်ဖော် အလုပ်သမားထံက သိရှိရသည်။

မီးပျက်၍ ကုန်ကြမ်းမရှိသောလများတွင် နေ့ကြေး (၁၆၀)နှင့် ရက်မှန်ကြေး(၃၀၀၀)စုစုပေါင်း ခုနှစ်ထောင်ခန့်ရရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့တောင်းဆိုတာကတော့ အခြေခံအလုပ်သမားတယောက်ကို တစ်ရက် တစ်ထောင့် ခြောက်ရာရဖို့   တောင်းဆိုတာပါ”ဟု    အလုပ်သမားခေါင်းဆောင်ကိုဇော်ထက်ကပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုအလုပ်သမားများထဲတွင် တစ်လလျှင် ဆုကြေးနှင့်နေ့ကြေးပေါင်းကာ တစ်သိန်းကျော် ရရှိ သူများလည်း  ပါဝင်ကြောင်း သိရှိရသည်။

“ကျွန်တော်ဆို တစ်နေ့ကို ဆုကြေးနှစ်ထောင့်နှစ်ရာရပါတယ်၊ မရတဲ့လူတွေအတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာပါ အခြေခံအားဖြင့်တယောက်ကို ဆုကြေးတစ်ထောင့်ခြောက်ရာ ရစေချင် ပါတယ်”ဟု အစာငတ်ခံဆန္ဒပြတောင်းဆိုသူများထဲမှ ဥက္ကဌ ကိုနိုင်လင်းထွန်းကပြောသည်။

 ဆန္ဒထုတ်ဖော်တောင်းဆိုသည့် ဒုတိယရက် မေလ (၂၁)ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်လာရောက်ဖြေရှင်းပေးပြီး မေလ (၂၂)ရက်နေ့တွင် အလုပ်သမား ၀န်ကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင် က လာရောက်ညှိနှိုင်းပေးခဲ့သော်လဲ လုပ်ခလစာတိုးမြှင့်ရေး အတွက် ပြေလည်မှုမရရှိကြောင်း အစာငတ်ခံ ဆန္ဒထုတ်ဖော် အလုပ်သမား ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012
သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ Reviewed by သစ်ထူးလွင် on 11:44 Rating: 5

5 comments:

123456 said...

အလုပ်သမားတွေသနားပါတယ်။ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြပါ။ ဆန္ဒထုတ်ဖော် အလုပ်သမားခေါင်းဆောင် ကိုနိုင်လင်းထွန်း ကိုလေးစားပါတယ်။

devil said...

နိုင်ငံတိုးတက်ရေးမှာ အခြေခ့လူတန်းစားတေါ တိုးတက်ပြီး လူလတ်တန်းစားအဆင့် ကို ရောက်ရှိလာစေရေးက အရေးကြီးပါတယ်။ အခြေခံလစာ အနဲဆုံး သူတိုပတောင်းတဲ့ တစ်ရက်1600 တစ်လ ပျမ်းမျှ 48000 ထက်ပိုပြီး 60000လောက်တော့ ဖြစ်သင့်တယ်။ နိုင်ငံတကာမှာ မြန်မာ လုပ်သားခက နိမ့်ပါတယ်။ ဒါကြောင့်လဲ နယ်စပ်မှာ သွားလုပ်ရင်း ဒုက္ခရောက်နေကြရတာ။ အလုပ်သမား အနိမ့်ဆုံးလစာ ပြဌာန်းချက် အမြန်ထွက်လာမှသာ အဆင်ပြေမယ်။ အဓိက ဥပဒေပဲ။ အမြန်အတည်ပြုနိုင်အောင် ကြိုးစားပေးဖို့ လိုပါတယ်။ တကယ်ဆို 60000 ပေးရင်တောင် စားမလောက်ပါဘူး။

မိုးကြိုး မုန်တိုင်း said...

ကျွန်တော်တို့ တွက်ကြည့်ရအောင်ဗျာ.....
တစ်နေ့ကို ၁၆၀၀ ရတယ်ပဲထား... တစ်လဆိုရင် ၄၈၀၀၀.ရမယ်....
အပိုဆုကြေးမပါဘဲတွက်ကြည့်ရအောင်.... ဟုတ်ကဲ့ခင်ဗျ... အဲဒီဝန်ထမ်းဟာ အိမ်ထောင်သည်မဟုတ်လူပျိုလူလွတ်အနေနဲ့ပဲတွက်မယ်ဗျာ..
သူထမင်းသူချက်စားတယ်ပဲထား...လက်ဘက်ရည်ဖိုး... ဆန်ဈေး ဆီဈေး..ကားခ..ဒါလေးတွေကနေ့တိုင်းသုံးရတဲ့ဟာတွေ....သူက ဆေးလိပ်သောက်ကွမ်းစားတဲ့အကျင့်ရှိရင်... တစ်နေ့ ၁၆၀၀ ဆိုတာလေ... ထမင်းဖိုးတောင်မရှိပါဘူးဗျာ... လူကြီးမင်းတို့ ထမင်းဆိုင်မှာ ထမင်းဝယ်စားရင် ဘယ်လောက်ကြမယ်ထင်လဲ....တွက်ကြည့်ပါ...
ဒီလိုပြောလို့ ပိုင်ရှုင်သူဌေးတွေဘက်ကို မကြည့်ဘူးလားဆိုရင်....ကြည့်ပါတယ်ဗျ.... ကျွန်တောပြောပါရစေ ပိုင်ရှင်များ.... အလုပ်ရှင်ဆိုတာ... အလုပ်သမားအပေါ်မှာ မီခိုနေရတာပါ... သူတို့တွေကို အလုပ်လုပ်ချင်စိတ်ရှိအောင်... အလုပ်မှာပျော်အောင်ထားနိုင်မှ... ကိုယ့်လုပ်ငန်းအပေါ်မှာ စေတနာထားပြီး တာဝန်ကျေပွန်စွာလုပ်ချင်မှာပါ...
ဒီတော့ကာ.. လုပ်ခလစာ ကို ခေတ်နဲ့အညီ တိုးပေးသင့်တာကနံပါတ်တစ်..နောက် ဘောက်ဆူးပေးတယ်... တစ်လတစ်ခါကံစမ်းမဲလေးဖောက်ပေးတယ်...အချိန်ပိုကြေးလေးတွေပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်...
အလုပ်သမားနှင့် အလုပ်ရှင်ဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ...
အဆင်ပြေအောင်လုပ်ပေးမယ်လို့ ထင်ပါတယ်....
နောက်ပြီး ဆန္ဒဖော်ထုတ်နေသူများ... အထူးသတိပေးချင်တာက... အစာငတ်ခံဆန္ဒပြတယ်ဆိုတာ... ထောင်ထဲမှာလုပ်မှ အကျိုးရှိတာပါ... အပြင်မှာသွားမလုပ်နဲ့ ... ကိုယ့်ဒုတ်ခကိုရှာသလိုဖြစ်နေလိမ့်မယ်... ဒီပြင်နည်းလမ်းလေးတွေရှိဦးမှာပါ.. အရေးကြီးတာက ခေါင်းဆောင်ပါ. ခင်ဗျားလုံးဝ အစာငတ်ခံဆန္ဒမပြပါနဲ့....ခင်ဗျားမှာ ဆက်လုပ်စရာတွေအများကြီးရှိသေးတယ်...သတိပြုပါနော်....ခင်များတို့ကို အောင်မြင်စေချင်တဲ့စိတ်တစ်ခုထဲနဲ့ ကျွန်တော်အကြံပြုတာပါနော်

pyaponthu said...

အစိုးရကမြန်မာအလုပ်သမားတွေရဲ့လုပ်အားခတွေကိုတနိုင်ငံလုံးအတိုင်းအတာကုန်ဈေးနှန်းနဲ့တွက်ပြီးအလုပ်သမားတွေအဆင်ပြေဘို့သတ်မှတ်သင့်တယ်

Unknown said...

အဓိက က ဥပဒေ မဟုတ်သေးပါဘူး ၊
အဓိက က လျှပ်စစ်မီး ပါ ၊
လျှပ်စစ်မီးမရတော့ မီးစက်တွေနဲ့ လည်ပတ်နေရတဲ့ စက်ရုံပိုင်ရှင်တွေရဲ့အခက်
အခဲကိုလည်း နားလည်နိုင်ပါရဲ့ ၊ လုပ်ခအရမ်းကိုနည်းနေတဲ့ လုပ်သားတွေရဲ့
တောင်းဆိုမှုကိုလည်း နားလည်နိုင်ပါရဲ့ ၊

Powered by Blogger.