တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား.ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြား

ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် "တံတားနီဖြစ်စဉ်ကာလ၌ သူ့အနေဖြင့် မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါ တံတားနီဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း၊ သူ့အနေဖြင့် အားလုံးပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိုကြောင်း၊ အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ စစ်အာဏာရှင် စနစ်ဆိုသည်မှာ စစ်တပ်က အုပ်ချုပ်ရေးတွင် ပါဝင်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံရေးသဘောအရ အုပ်ချုပ်ရေးဆိုသည်မှာ ဒီမိုကရေစီနည်းအရ ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူများကသာ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အမှား အမှန်ဆိုသော အဖြေတစ်ခုတည်းသာမရှိကြောင်း၊ မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုနှင့်သာ သက်ဆိုင်ကြောင်း၊ အာလုံး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းသည် ခြေလှမ်းတစ်လှမ်း၊ အဆင့် တစ်ဆင့်သာဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊ ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပါသည်။
 ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မတ်လ (၁၆) ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင် မင်္ဂလာ ဒို့ရိုးရာခန်းမ၌ ကျင်းပလျက်ရှိသည်။
 အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှာလည်း အခု
လိုအမှာစကားပြောကြားခဲ့ပါတယ်။
"၂၄ နှစ် ပြည့်ခဲ့ပါပြီ ကုလသမဂ္ဂက သတ်မှတ်ချက်အရဆိုရင် လူငယ်ဘ၀က ၁၄ နှစ်မှာ ကုန်ပါပြီ။ လူငယ်ဘ၀ ကျော်လာတဲ့အတွက် အထိုက်အလျှောက် ရင့်ကျက်မှုတွေ ရှိရပါတော့မယ်၊ ရင့်ကျက်မှုတွေတော့ အထိုက်အလျှောက် ရှိလာကြပါပြီ။ ပြက္ခဒိန်တွေမှာ မှင်နီတွေ မှတ်ထားရတာ ပြည့်နေပါပြီ။ နောင်လာမယ့် လူငယ်တွေအတွက် လူငယ်တွေလက်ထက်မှာ မှင်နီပေါ် မှင်နီထပ်ပြီး မှတ်သားရတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့သွားချင်တဲ့ ပြည်သူ့အောင်ပွဲဆိုတာ ပြက္ခဒိန်ပေါ်မှာ ဖြူ နီ ၀ါ ပြာ စိမ်းတွေ ပြည့်နေတာမျိုးပါ။ တစ်ခုခုကို ရွေးချယ်မယ်ဆိုရင် တစ်ခုခုကို ပေးဆပ်ရပါတယ်။ ဒီမိုကရေစီကို လိုချင်ခဲ့တဲ့အတွက် အားလုံးရဲ့ နုပျိုဆဲကာလတွေ၊ အသက်တွေ ပေးဆပ်လိုက်ရပါတယ်။

အခုအချိန်ကို အသွင်ကူးပြောင်းရေးကာလလို့ သတ်မှတ်ကြပါတယ်။ လွတ်မြောက်ရေး တိုက်ပွဲကာလလိုလဲ မဟုတ်ဘူး။ တည်ဆောက်ရေး ကာလလို့လဲ ပြောလို့မရဘူး။ တော်တော် ကတ်သီးကတ်သတ် နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တည်ဆောက်ရေးကာလအတွက် ပြင်ဆင်ထားကြတဲ့လူတွေ ရှိနေပါတယ်။ လွတ်မြောက်ရေးကာလမှာ ပါဝင်ခဲ့တဲ့သူတွေ တဖြည်းဖြည်း နောက်ကိုဆုတ်ပြီး တည်ဆောက်ရေးကာလအတွက် ပြင်ဆင်ထားတဲ့သူတွေ ရှေ့တန်းကို ရောက်လာသင့်ပါပြီ။ လွတ်မြောက်ရေး ကာလမှာလည်း ပါခဲ့တယ်၊ တည်ဆောက်ရေးအတွက် ပြင်ဆင်ထားတဲ့သူတွေလည်း ရှေ့ကို ရောက်လာသင့်ပါပြီ။ သမိုင်းအမှန်တွေအတွက်၊ တရားမျှတမှုတွေအတွက် လွတ်လပ်မှုတွေ ပေးသင့်ပါပြီ။ ပြည်သူတွေကို လွတ်လပ်စွာ ရေးသား၊ ထုတ်ဝေ၊ စုဝေး၊ ဆန္ဒထုတ်ဖော်ခြင်း ဆိုတဲ့ နိုင်ငံသားများရဲ့ အခွင့်အရေးတွေကို ပေးသင့်ပါပြီ။ လွတ်လပ်စွာ ပြည်သူတွေ ဆုံးဖြတ်ခွင့် ရသင့်ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲဟာ သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ပါတယ်။ သတ္တိရှိတယ်ဆိုရင် ယူနီဖောင်းတွေချွတ်ပြီး အမျိုးသားဝတ်စုံတွေ ၊ တိုင်းရင်သားဝတ်စုံတွေ ၀တ်ပြီးတော့ လွှတ်တော်ထဲ ၀င်ခဲ့ပါ။ ကြိုဆိုပါတယ်။" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
Eleven (Facebook)

တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား.ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြား တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား.ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြား Reviewed by သစ်ထူးလွင် on 13:51 Rating: 5

2 comments:

ှဲKaung said...

သတ္တိရှိတယ်ဆိုရင် ယူနီဖောင်းတွေချွတ်ပြီး အမျိုးသားဝတ်စုံတွေ ၊ တိုင်းရင်သားဝတ်စုံတွေ ၀တ်ပြီးတော့ လွှတ်တော်ထဲ ၀င်ခဲ့ပါ။ ကြိုဆိုပါတယ်။

Anonymous said...

ကိုယ်ကျိုး မပါဘဲအသက်စွန်.သွားကြခဲ.တဲ.ခင်ဗျားတို.ကိုအလေးပြုပါတယ်၊ အဲဒီ အရေးအခင်းအပါအ၀င်မြန်မာနိုင်ငံ ဒီမိုကေ၇စီအတွက်အသက်ပေးသွားသူတွေ အားလုံး ကို အမည် ၊ လိပ်စာ biography နဲ.တကွ စာရင်းပြုစု ဖေါ်ထုတ် မော်ကွန်းတင်ပေးသူ ၊ အဖွဲ.အစည်းပေါ်ပေါက်လာပါစေလို.လည်း ဆုတောင်းပေးပါတယ် ။

Powered by Blogger.