မြူမှုန်ကြားက ထိုးဖောက်ကြည့်မြင်နိုင်သော တောက်ပသည့်မျက်လုံးများ

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ခရီးစဉ်အတွင်း အားပေးကြတဲ့ပြည်သူတွေကိုတွေ့ ရစဉ်
                 ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီကာလအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်မြို့တော်အတွင်းနှင့် ပဲခူး၊ ထားဝယ်၊ညောင်ဦး၊ပခုကူ၊မြိုင်၊ပုသိမ်၊စသည်မြို့များသို့ သွားရောက်ကာ လူထုနှင့်မျက်မြင်ထိတွေ့လျှက် ပါတီအတွက် စည်းရုံးရေးဆင်းနေသည်ကို သတင်း အင်တာနက်၊ ဂျာနယ်၊စာစောင်များတွင် ဝေေ၀ဆာဆာဖော်ပြ ရေးသားနေသည်ကို တွေ့မြင် နေရသည်။
                 ထိုသို့သတင်းဓာတ်ပုံများကို မြင်တွေ့ရသည့်အခါ လူထုလူတန်းစားမရွေး ဒေသခံ ပြည်သူများက လမ်းခရီးတစ်လျှောက်နှင့် သတ်မှတ်ဟောပြောသည့်နေရာများတွင်ပင် သိုက်သိုက်မြိုက် မြိုက် စည်းလုံးညီညွှတ်စွာဖြင့် တခဲနက်ထောက်ခံအားပေးနေကြပေသည်။
                 ထိုသို့ထောက်ခံအားပေးနေကြရာတွင် အချို့သောပါတီအဖွဲ့အစည်းများ၊ မလိုတမာ ရှိသူတို့ကား နည်းလမ်းအမျိုးမျိုးနှင့် ဟန့်တား နှောက်ယှက်မှု ပြုလုပ်မည့်အရေးသည် တွေးပူစရာပင် ကောင်းလှသည်။   (၇-၂-၂၀၁၂)ရက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ပါတီစည်းရုံးအတွက် သွားရောက်ဟောပြောရာတွင်  နည်းပညာတကသိုလ်(ပုသိမ်)မှာ အချိန်ကိုက် စာမေးပွဲဖြေဆိုခိုင်းခြင်း၊ အခြားအဖွဲ့အစည်းက အချိန်ကိုက် မုန်ဟင်းခါး ပိသာချိန်(၆၀၀)ကျွေးမွေးခြင်း ဆိုသည့်သတင်းအားဖတ်ရှု့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို အားပေးထောက်ခံသူများကလည်း မုန်ဟင်းခါးစားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကိုလည်း သွားရောက် နားထောင်ကြကြောင်း ဖတ်လိုက်ရသည့်အခါ ထိုမုန့်ဟင်းခါးကျွေးခြင်းသည် သာမန်လုပ်ရိုးလုပ်စဉ်သဘော မဟုတ်သည်ကို နားလည် ရပေသည်။ ၄င်းလုပ်ရပ်သည် နိုင်ငံရေးတွင် လွန်စွာအရေးကြီးသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်သူ လူထုအကြား အဆက်ဖြတ်ခြင်းပင် ဖြစ်သည်။
                 နိုင်ငံရေးတွင် အဆက်ဖြတ်ခြင်းနည်းလမ်း အမျိုးမျိုးရှိသည်။ အနုနည်းနှင့်အဆက်ဖြတ်ခြင်း ရှိသကဲ့သို့ အကြမ်းနည်းဖြင့်အဆက်ဖြတ်ခြင်းများ၊ ခေါင်ကိုအဆက်ဖြတ်ခြင်းရှိသကဲ့သို့ အမြှီးကိုအဆက်ဖြတ်ခြင်းများ၊ အချိန်ကာလကြာမြင့်စွာ အဆက်ဖြတ်ခြင်းရှိသကဲ့သို့ လက်တလော အဆက်ဖြတ်ခြင်းများ၊ ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များဖြင့် အဆက်ဖြတ်ခြင်းရှိသကဲ့သို့ ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များသဖွယ်  အဆက်ဖြတ်ခြင်းများ စသည်ဖြင့် နိုင်ငံရေးတွင် နည်းအမျိုးမျိုးကို ကျင့်သုံးလုပ်ဆောင်လေ့ရှိကြသည်။ ဥပမာအားဖြင့် ၂၀၀၃ခုနှစ်တွင် ဖြစ်ခဲ့ရသော ဒီပဲယင်းအရေးအခင်း သည် နောက်လိုက် သို့တည်းမဟုတ် အမြှီးကို အဆက်ဖြတ်ခြင်း၊ အကြမ်းနည်းဖြင့် အဆက်ဖြတ်ခြင်းမျိုး ဖြစ်သည်။ လူထုအကြား အားပေးသယောင် အယောင်ဆောင် ၀င်ရောက်ကာ ဆိုင်းပုဒ်များကိုရိုက်နှက် တွန်းလှဲခြင်း မော်တော်ပီကယ်ဂိတ်တဲများကိုခဲနှင့်ပေါက်ခြင်း ၊လမ်းပေါ်တွင် အတားအဆီးများ နောက်ပြောင် ချထားခဲ့ခြင်း စသည့်အဖျက်အမှောက်များဝင်ရောက်လုပ်ကိုင်ပြီးနောက် ထိုသို့စည်းရုံးရေး လုပ်ခြင်းကြောင့်အဖျက်အမှောက်များ ဖြစ်ပေါ်လာရသည်။ ထိုအခါ  လူထုစည်းရုံးရေးသည် စည်းကမ်းပျက်စေသဖြင့် တာဝန်ခံရခြင်း၊ သတ်မှတ်နေရာ၊ အချိန်၊ရက်စွဲ၊အင်အားများကို ကြိုတင် တင်ပြရခြင်း စသောဥပဒေစည်းမျဉ်းများသည် ဖြစ်ပေါ်လာခဲ့ရသည်။ ထိုသို့ အဖျက်အမှောက် လုပ်ငန်းတို့ကြောင့် စည်းရုံးသူအတွက်များစွာနစ်နာသော  ဥပဒေအရ အမိန့်များထုတ်ပြန်လာခြင်းသည် ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်ဖြင့် အဆက်ဖြတ်ခြင်းနည်းမျိုးဖြစ်သည်။ စည်းရုံး ခေါင်းဆောင်သူကို ဥပဒေကြောင်းအရ အရေးယူလျှက် အကျယ်ချုပ်ဖြင့်ထိန်းသိမ်းလိုက် ပြီးနောက် ပြန်လွတ်ပေးလိုက် နောက်တခါပြန်ဖမ်းလိုက် ထိုသို့လုပ်နည်းမျိုးကား အချိန်ကြာမြင့်စွာအဆက် ဖြတ်ခြင်း  သို့မဟုတ် ခေါင်ကို အဆက်ဖြတ်ခြင်း မျိုးဖြစ်သည်။ လူထုဟောပြောမည့်နေရာတွင် အချိန်ကိုက် ဗုံးတွေတွေ့ပါသည် သို့တည်းမဟုတ် ဗုံးဖောက်ခွဲခံရသည်ဆိုလျင်သော်လည်းကောင်း၊ အချိန်နှင့်တိုက်ဆိုင်ပြီး မုန့်ဟင်းခါးကျွေးသည် ဆိုလျှင်သော်လည်းကောင်း၊ အချိန်ကိုက် စာမေးပွဲဖြေဆိုစေခြင်းသည် လည်းကောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမျိုးမှာ လက်တလော အဆက်ဖြတ်ခြင်းဖြစ်သည်။ “နင်တို့တွေက၀န်ထမ်းတွေလေ သွားနားမထောင်နဲ့ ဓာတ်ပုံရိုက်လို့နင်တို့ပုံတွေပါလာရင် အလုပ်ပြုတ်သွား လိမ့်မယ်“ စသည်ဖြင့် စည်းရုံးမှုအကြားသွားရောက် နားမထောင်ရန် ကြီးကြပ်သူ(သို့မဟုတ်) အုပ်ချုပ်သူက ဟန့်တားပြောဆိုခြင်း၊မှာကြားရေးသားခြင်း၊ထုတ်ပြန်ခြင်း ဖြစ်သော ထိုလုပ်နည်းမျိုးသည် ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များသဖွယ် အဆက်ဖြတ်ခြင်း မျိုးလည်းရှိသည်။
                   နောက်တစ်ခုက အချိန်ကိုက် စည်းရုံးသူနှင့်အပြိုင် အများအကြိုက်လိုက်ကာ လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ ထိုလုပ်ဆောင်ခြင်းမှာ ညင်သာခြင်း ပါးနပ်ခြင်းမျိုး အသွင်သဏ္ဍန်ရှိပါသည်။ ဥပမာ အလုပ်သမားများ၊၀န်ထမ်းများကို ရုံးပိတ်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ စည်းရုံးရေးမိန့်ခွန်းပြောမည်ဆိုပါစို့။ ထိုနေ့ထိုအချိန် ထိုနေရာတွင် ၀န်ထမ်းများအား ပျော်ပွဲရွှင်ပွဲများ၊ ကံစမ်းမဲဖောက်ပွဲ၊  ထောက်ပံ့ကြေးသော်လည်းကောင်းပေးကာ ထိန်းသိမ်းထားနိုင်ပါသည်။ ယခုဆိုလျင် မဲမပေးမီ  ရက်ပိုင်းအလိုတွင် နိုင်ငံဝန်ထမ်းများအား အချိန်ကိုက်လစာတိုးပေးခြင်း နည်းလမ်းများ ကျင့်သုံးလာကြပြန်သည်။ စည်းရုံးဟောပြောမည့်ရွာသို့သွားမည်ဆိုလျှင် ထိုအချိန် ထိုရွာတွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်း ငွေစုငွေချေးသမ၀ါယမအသင်းများမှ ငွေထုတ်ချေးခြင်း မျိုးစေ့များ အလကားဖြန့်ဝေပေးခြင်း စသည့်လုပ်ဆောင် နည်းများလည်း ရှိနိုင်ပါသည်။
                 နိုင်ငံရေး အာရုံလှည့်စားခြင်းမျိုးလည်း ရှိခဲ့ဘူးပါသည်။ ဥပမာ ဒီပဲယင်းကဲ့သို့ အရေးအခင်းကြီး ဖြစ်နေချိန်တွင် ရန်ကုန်မြို့တော်တွင် အာစီယံနိုင်ငံများနှင့် ဘော်လုံးပွဲကျင်းပချိန်၊ ထိုအချိန်က အာလုံးသိကြပါသည် မြန်မာ့လက်ရွေးစင်အသင်းက ဗိုလ်စွဲခဲ့ပြီး မြန်မာ့လက်ရွေးစဉ် မာလ တို့ခေတ်၊ ဦးခင်ညွှန့် (ယခင်ဗိုလ်ချုပ်ကြီးဟောင်း)ကိုယ်တိုင် မာလ မာလ နှင့်ကြွေးကြော်ခဲ့သော အချိန်တွင် ဒီပဲယင်းသတင်းသည် ဘော်လုံးပွဲ သတင်းအောက်တွင် အရှင်လတ်လတ် မြေမြှုပ်သွားခဲ့သည့် သာဓက ရှိခဲ့ဘူးပါသည်။
                 လူထုကို လူထုနှင့် ထိပ်တိုက် ရင်ဆိုင်နည်းဆိုသည်လည်း ရှိပါသေးသည်။ ထိုအချိန် ထိုနေရာတွင် လူထုစည်းရုံးရေးလုပ်မည်ဆိုလျှင် ထိုနေရာနှင့် အနီးတွင် ဆန့်ကျင်မည့်အဖွဲ့အစည်းကို စည်းရုံးဟောပြော စေခြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်စေခြင်း နည်းလမ်းးဖြစ်ပါသည်။
                 မည်သို့ပင်ဆိုစေကာမူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏NLDပါတီ အောင်နိုင်ရေးအတွက် ကျန်ရှိသော တစ်လကျော်ကာလအတွင်း ပြည်သူလူထုနှင့် နီးကပ်စွာ တစ်သားတည်း ဖြစ်အောင် စည်းရုံးဟောပြောရပေဦးမည်။ သူမ၏ ပါတီစည်းရုံးရေး ခရီးစဉ်များကိုလည်း အရွယ်နှင့်မလိုက်အောင် သွက်လက်မြန်ဆန်စွာ မမောမပမ်း ဆက်လက်တက်လှမ်းပါဦးမည်။ ထိုအခါ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ပြည်သူချစ်သော  ပြည်သူအားထားယုံကြည်ရသော ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ စောင့်ရှောက်ခြင်းသာမက စည်းကမ်းပြည့်ဝခြင်း ၊ ညီညွှတ်ခြင်း၊ စည်းလုံးခြင်းဖြင့် ထောက်ခံအားပေးကာ အထက်ဖော်ပြပါကဲ့သို့ အဆက်ဖြတ်ခြင်း၊ တစ်ဖက်မှ အများအကြိုက်လိုက်ကာ သွေးဆောင်ဖြားယောင်းခြင်း၊ နိုင်ငံရေး အာရုံလှည့်စားခြင်း၊ လူထုကိုလူထုနည်းဖြင့် ထိပ်တိုက် ရင်ဆိုင်ခြင်းများနှင့် ဆွမ်းဆန်အကြား ကြွက်ချေးရော ကာ အဖျက်အမှောက်လုပ်ဆောင်ခြင်း မခံကြရလေအောင် သတိထား လိုက်နာ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ဖန်ဆင်းရှင်တို့က အဝေးမှ ကျွနှ်ပ်တို့ထံ မမောမပမ်း ခရီးနှင်လျှောက်လှမ်းလာသောသူမ၏ကိုယ်ပေါ်သို့လည်းကောင်း၊ စောင့်ကြိုနေကြသောကျွနှ်ပ်တို့၏ ကိုယ်ပေါ်သို့လည်းကောင်း အေးချမ်းသယောင် လွှမ်းမောသယောင် ခံစားနိုင်ရန် မြူမှုန်ဖွေးဖွေးများကျဆင်းပေးသော်လည်း ၄င်းမြူမှုန်သည်အေးချမ်းသည် လွှမ်းမောသည်ထက် တစ်ဦးနှင့်တစ်ဦး ကြည်လင်ပြတ်သားစွာ မမြင်ရလေအောင် ကာရံထားသော ရည်ရွယ်ချက်များ ရှိနေမည်ဆိုလျင် ပြည်သူတို့အနေနှင့် မြူမှုန်ကြားက ထိုးဖောက်ကြည့်မြင်နိုင်သော တောက်ပသည့် မျက်လုံးများဖြင့် အစဉ် သတိရှိရှိ ကြည့်ရှု့ လုပ်ဆောင်သွားကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။

စည်တော်ကြီး                                                                                             ၉-၂-၂၀၁၂
             
                


မြူမှုန်ကြားက ထိုးဖောက်ကြည့်မြင်နိုင်သော တောက်ပသည့်မျက်လုံးများ မြူမှုန်ကြားက ထိုးဖောက်ကြည့်မြင်နိုင်သော တောက်ပသည့်မျက်လုံးများ Reviewed by သစ်ထူးလွင် on 00:19 Rating: 5

7 comments:

United States of Myanmar said...

အဓိက ဂျပုကျော်ဆန်းရဲ. မီဒီယာနဲ.တိုက်တဲ.အကွက်ကို သတိထားရမယ် စွမ်းအားရှင်တွေရော သတိထားရမယ် နေရာတိုင်းမှာ အဖျက်အမှောက်တွေရှိကိုရှိတယ်

Unknown said...

oh--oooo
thnx 4 reminding..

Moe Gyi said...

အပင်မြင့်လေ၊ လေတိုက်ခံရလေဆိုတဲ့သဘောကို သတိထားသင့် သည်၊ လွှတ်တော်ထဲ မသန့်၇ှင်းသော အမတ်များရှိနေသည်၊ အထူးသဖြင့်လောနတ် ကျော်ဆန်း(ဂျပု)ရဲ့ ဦးသန်းရွှေလက်ကျန် စိုက်ဝါး ပညာတွေ ရှိနေသည်၊ ဦးသန်းရွှေကြီးက သူများကိုသာ ငါ့လေးလုံးရှောင်ခိုင်တာ၊ သူကျတော့ဆောင်သွားတာဗျာ၊ ဘယ်အထိဆောင်မလဲတော့မသိဘူး၊ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးတယ် အများကောင်းအောင်တကယ်လုပ်မယ့် အရည်အသွေး အရည်အချင်းတကယ်ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ clean Goverment မလုပ်ခင် လွှတ်ထဲများကျန်နေတဲ့ ကျူငုတ် တွေကိုအရင်ဂရှင်းမှဖြစ်မှာပါ၊ ဦးရွှေမန်းကြီးကလည်း အခုမှ ၀န်ထမ်းတွေကိုမြင့်တတ်ချင်ယောင်ဆောင်ပြီး၊ ကြင်နာသယောင်နဲ့ချိန်ခြောက်ပြီး လစာတိုးဘို့ အဆိုပြု နေသေးတယ် အတော်ဟာသလုပ်တတ်တဲ့သူတွေ ဒင်းတို့သားနိုင်ငံအပေါ် စေတနာတကယ်ထားရင် စင်ကာပူတောင် မြေအောက်ရောက်လောက်ပြီ၊ ဖြစ်နိုင်ရင် လွှတ်တော်ထဲမှာ စစ်ကြွင်းလက်ကျန်တွေ မထားသင့်ဘူး ထင်တယ်။

Essential Moe said...

Hi

Unknown said...

yeah i agree that,,i juz wann u all read the article from the kyae mone newspaper(9.2.2012)
it's shown that ..nothing is change yet,,

truthguy said...

Satan is waiting at Hell's Gate for all you Generals....

tapaungthi said...

ဟုတ်ပါတယ် အနှောက်အယှက်တွေရှိလာပြီလို့ထင်ရပါပြီ လွတ်လပ်မှုတွေ အနည်းငယ်စီ ပျောက်စပြုနေပြန်ပါပြီ
ဘာဖြစ်လို့များ အကြောက်တရားတွေကြီးစိုးနေကြတာလဲမသိဘူးနော်
မယှဉ်ပြိုင်ရဲဘူးဆိုတာသိလို့ ပုတ်ခတ်နေကြတယ်နဲ့တူတယ်။
တော်တော်စိုးပါလား ကြံ့ဖွတ်တွေရယ်...

Powered by Blogger.