တပ်ပိုင်လယ်ငှားလုပ်သူများထံမှ လယ်ငှားခ အလျင်စလို တောင်းခံ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်မှ အရေးပေါ်ငွေလိုသဖြင့်  တပ်ပိုင်လယ် ငှားလုပ်နေသူများထံမှ ငှားရမ်းခကို ချက်ချင်းပေးသွင်းရန် အမိန့်ချမှတ်သဖြင့် စပါးရိတ်သိမ်း မပြီးကြသေးသည့် လယ်သမားများ အခက်အခဲနှင့် ကြုံနေကြရသည်ဟု လယ်သမားအချို့က YPI သို့ပြောသည်။

“အရင်နှစ်ကဆိုရင် စပါးပေါ်ပြီး ရောင်းလို့ရတဲ့အချိန်မှ ကောက်တယ်။ နောက်ပြီး ငွေကောက်ခါနီး တပတ်နှစ်ပတ် အလိုလောက်ကြိုပြောထားတယ်။ အခုက ရုတ်တရက် ဒီမနက်လာပြောပြီး ဒီမနက်ချက်ချင်း လာသွင်းခိုင်းတော့ ဒုက္ခရောက်တာပေါ့ ” ဟု တပ်ပိုင်လယ် အငှားလုပ်သူတဦးကပြောသည်။

ယင်းဒေသရှိ လယ်ယာမြေမရှိသော သူများက ခလရ (၁၀၂)တပ် နှင့် ခမရ (၄၂၇) တပ်တို့ ပိုင်သည့် လယ်များကို နှစ်စဉ် ငှားပြီး စပါးစိုက်စားကြသည်။ ၎င်းတပ်လယ်များဖြင့် စပါးစိုက်ပျိုးနေကြရသော သူများက တနှစ်လျှင် တဧကကို စပါး(၁၄)ပုံး ပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး စပါးမပေးနိုင်သည့်သူများ အနေဖြင့် စပါးပေါက်ဈေးအတိုင်း ငွေပေးဆောင်ရသည်။

ဒီမော့ဆိုမြို့နယ်ရှိ စစ်တပ်ပိုင်လယ်များ

ယခုလို အရေးပေါ်ငွေတောင်းရခြင်းမှာ ရှေ့တန်းမှ ပြန်လာသည့် စစ်တပ်များကြိုဆိုရန်နှင့် အသစ်ရောက်လာသည့် ဗျူဟာမှူး ကို ဧည့်ခံကျွေးမွေးရန် ဖြစ်၍ အလျင်စလို တောင်းခြင်းဖြစ်သည် ဟု သိရသည်။

ဒေသခံ တောင်သူတဦးက “ စစ်တပ်တွေ ပြန်လာရင် ကျွေးဖို့ မွေးဖို့ အရေးပေါ်ငွေလိုလို့ ပြောတာပဲ၊ ကျနော်တို့ကို အဲလို ပြောပြီး ချက်ချင်းတောင်းတာပါဘဲ”ဟု ပြောသည်။

ခလရ ၁၀၂ တပ်ပိုင်  လယ်ဧက စုစုပေါင်း ဧက ၂၀၀ ရှိ၍ ခမရ ၄၂၇ တပ်မှာ လယ်ဧက ၁၅၀ကျော် ပိုင်ဆိုင်သည်။ ယင်းလယ်များမှာ ဒီးမော့ဆိုမြို့နယ် ကျေးရွာများရှိ ဒေသခံ တောင်သူလယ်သမားများ၏ လယ်များကို ၁၉၈၆ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

လယ်အသိမ်းခံခဲ့ရပြီး လုပ်ကိုင်စရာ တခြားလယ်မရှိသဖြင့်  ၎င်းလယ်ကို ပြန်ငှားလုပ်နေရသည့် တောင်သူတဦးက “ကိုယ့်လယ်လဲ ဖြစ်ခဲ့တယ် အဲဒီလယ်တွေကိုဘဲ ပြန်ငှားလုပ်နေရတယ်။ သူတို့ကတော့ ပိုင်တာပေါ့။ သူများဟာကိုသိမ်းပြီး ပြန်ကောက်စားရုံဘဲ လုပ်နေတာ၊ စိတ်နာတဲ့ တချို့သူတွေကတော
ပြန်မလုပ်စားချင်ကြတော့ဘူး” ပြောသည်။     ။

ဒီဇင်ဘာ ၁၆၊ ဒီမော့ဆို။ ၂၀၁၁ (YPI)
တပ်ပိုင်လယ်ငှားလုပ်သူများထံမှ လယ်ငှားခ အလျင်စလို တောင်းခံ တပ်ပိုင်လယ်ငှားလုပ်သူများထံမှ လယ်ငှားခ အလျင်စလို တောင်းခံ Reviewed by သစ်ထူးလွင် on 08:41 Rating: 5

No comments:

Powered by Blogger.