ပဲခူးတိုင်း နဂါးမောက်ကျေးရွာက ဥယျာဉ်ခြံမြေ ဧက ၂၀၀၀ ကျော် အသိမ်းခံရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ နဂါးမောက်ကျေးရွာမှ တောင်သူ အယောက် (၅၀) ကျော်လုပ်ကိုင်စားသောက်နေသည့် တောင်ယာဥယျာဉ်ခြံမြေဧက နှစ်ထောင်ကျော်ကို  ကောင်းမြန်မာကုမ္ပဏီက ၂၀၀၉ ခုနှစ်ကတည်းက ကျွန်းသစ်ပင်များ စိုက်ပျိုးရန်အတွက်ဟု အကြောင်းပြကာ သိမ်းယူသွားခဲ့ပါသည်။

နဂါးမောက်ကျေးရွာမှ တောင်သူတွေဟာ ဒီတောင်ယာဥယျာဉ်ခြံတွေမှာ သူတို့ဘိုးဘွားတွေလက်ထက်ကတည်းက ငှက်ပျော၊ ရာဘာခြံတွေ စိုက်ပျိုးလာခဲ့ကြတာဖြစ်ပါသည်။
၂၀၀၉ ခုနှစ်မှာ ကောင်းမြန်မာကုမ္ပဏီက အငြိမ်းစားသစ်တောဝန်ထမ်းတွေမှတဆင့် နဂါးမောက်ကျေးရွာအနီးမှာရှိတဲ့ ဥယျာဉ်ခြံမြေ နှစ်ထောင်ကျော်ကို ပေကြိုးနဲ့တိုင်းပြီး ပန္နက်လာရိုက်ကာ “ဒီနေရာကို ကျွန်းသစ်ပင်တွေ စိုက်ရန်အတွက် အစိုးရက သိမ်းလိုက်ပြီ”ဟု ပြောဆိုကာ နဂိုမူလပိုင်ရှင်တွေကို မောင်းထုတ်ပြီး သိမ်းယူခဲ့တာဖြစ်ပါသည်။

အသိမ်းခံရသည့် တောသူတောင်သားတွေဟာ ရိုးသားပြီး သူတို့ ဥယျာဉ်ခြံတွေကို အစိုးရက သိမ်းလိုက်ပြီဆိုသောကြောင့် ကြောက်ပြီး တုံ့ပြန်ပြောဆိုခြင်းမရှိဘဲ ဖယ်ပေးခဲ့ရပါသည်။ ထိုအချိန်က နဂါးမောက်ကျေးရွာမှ တောင်သူ ဒေါ်စိန်ဥက အသိမ်းခံရသည်ကို ပြန်ပြီးပြောဆိုသည့်အတွက် သူနှင့်ပတ်သတ်ပြီးတော့ တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးက ကောင်းမြန်မာကုမ္ပဏီနဲ့ ညှိနှိုင်းရန်အတွက် ခေါ်ယူ ညှိနှိုင်းပေးခဲ့ပါသည်။ ကောင်းမြန်မာကုမ္ပဏီဘက်က ဒေါ်စိန်ဥဟာ အသက်ကြီးသူဖြစ်သည့်အတွက် တစ်ဧက ကို ငွေ ကျပ်ငါးသောင်းနှုန်း လျော်ကြေးပေးပါမည်ဟု ကတိခံပြီး ဖြေရှင်းခဲ့သော်လည်း အခုချိန်ထိ လျော်ကြေးပေးတာမျိုး မရှိပါ။

ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကောင်းမြန်မာကုမ္ပဏီမှ အငြိမ်းစားသစ်တောဝန်ထမ်း ဦးစောမောင် ဦးဆောင်တဲ့အဖွဲ့ဟာ ကျွန်းသစ်ပင်စိုက်ပျိုးရန်အတွက်ဆိုပြီး ဥယျာဉ်ခြံမြေ ဧက တစ်ရာကျော်ကို ထပ်မံသိမ်းယူဖို့ နဂါးမောက်ကျေးရွာသို့ ရောက်ရှိလာပါတယ်။ ကားလမ်းဘေးဝဲယာ တစ်လျောက်မှာရှိသည့် ဥယျာဉ်ခြံများကို ပေကြိုးဖြင့် တိုင်းတာပြီး ပန္နက်ရိုက်ကာ ထပ်မံသိမ်းယူဖို့ လာတာဖြစ်ပါသည်။ အခုအခါမှာတော့ နဂါးမောက်ကျေးရွာမှာရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တောင်သူတွေဘက်ကနေ ဝိုင်းဝန်းပြောဆိုသောကြောင့် ဧက တစ်ရာကျော်သာ ပန္နက်ရိုက်ပြီး  ပြန်သွားခဲ့တာဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ဥက္ကဌ ဦးအောင်မျိုးဝင်းနှင့်အဖွဲ့က နဂါးမောက်ကျေးရွာသို့ သွားရောက်၍ ဥယျာဉ်ခြံမြေ အသိမ်းခံခဲ့ရသည့် လယ်သမား(၅၀)ကျော်ကို စုစည်းပြီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်း NDF ပါတီဥက္ကဌ ဦးအောင်မျိုးဝင်းက "လက်ရှိလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီမှ တင်သွင်းထားတဲ့ လယ်ယာဥပဒေမူကြမ်းဆိုတယ အတည်ပြုချက်ထွက်ရှိဖို့သာ ကျန်တော့တယ်လို့ ဆွေးနွေးပါတယ်၊ နောက်တစ်ခုက ဒီဥပဒေထဲမှာ ပါရှိတဲ့ နိုင်ငံတော်က လိုအပ်တဲ့အတိုင်း သုံးစွဲနိုင်တယ်ဆိုတဲ့ စာသားကို ပြင်ဆင်ပေးဖို့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အပါအဝင် မဟာမိတ်ပါတီ ၁၀ ပါတီကနေ လွှတ်တော်ကို အကြံပြုတင်ပြထားတာလဲ ရှိပါတယ်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ အခြေခံအခွင့်အရေးအရ တောင်းဆိုပိုင်ခွင့်ရှိတယ်၊ အခု ကျွန်တော်တို့က ဝိုင်းဝန်းကူညီပြီး တောင်းဆိုမယ်"ဟု တောင်သူတွေနှင့် ဆွေးနွေးခဲ့ကြပါသည်။

နဂါးမောက်ကျေးရွာမှ တောင်သူ အယောက် (၅၀) ကျော်ဟာ သူတို့ပိုင်သည့် တောင်ယာဥယျာဉ်ခြံမြေ ဧက နှစ်ထောင်ကျော် အသိမ်းခံရသည့်အပေါ် ဖြေရှင်းပေးပါရန် စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် လွှတ်တော်ရေးရာကော်မတီခွဲ ပြည်သူ့တိုင်ကြားချက်များဆိုင်ရာ ဌာနနှင့် သက်ဆိုင်ရာဌာန အသီးသီးသို့  ပေးပို့တိုင်တန်းသွားဖို့ စီစဉ်ထားပါသည်။

“လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတဲ့အပေါ်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုင်ငံတကာမှာလဲ ပြောနေတယ်၊ ပြည်တွင်းထဲမှာလဲ ပြောနေတယ်၊ ဒီမိုကရေစီနိုင်ငံတစ်ခုကို သွားမယ်ဆိုရင် ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတိုင်းကို အစိုးရက ကာကွယ်ပေးဖို့လိုတယ်၊ အဲဒီလို အကာအကွယ်ပေးမှ ဒီအစိုးရက အသွင်ကူးပြောင်းရေးကို သွားနေတယ်ဆိုတာကို သက်သေပြလို့ရမယ်၊ ယုံရမယ်၊ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးပါ၊ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာက ကျွန်တော်တို့ဆီမှာ တော်တော်ကို လိုအပ်နေတာပါ၊ တရားမျှတမှုရှိရမယ်၊ တရားဥပဒေ စိုးမိုးမှုရှိရမယ်၊ အခုလို မသိနားမလည်တဲ့ တောသူတောင်သားတွေကို ဒီလိုပဲ ကုမ္ပဏီက ဝယ်တယ်ဆိုပြီး အနိုင်ကျင့်မှုပေါင်းများစွာ ကျွန်တော်တို့ ကြုံတွေ့နေရတယ်၊ ဒီလို ပြဿနာတွေကို နိုင်ငံတော် အစိုးရက အမှန်တကယ် ကိုင်တွယ်ဖြေရှင်းပေးပါလို့ ကျွန်တော့အနေနဲ့ တောင်းဆိုချင်ပါတယ်”ဟု ဦးအောင်မျိုးဝင်း (NDF ပါတီဥက္ကဌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့) က ဘားမားဗီဂျေ မီဒီယာကို ပြောဆိုခဲ့ပါသည်။



By ဇာဏီ (Burma VJ Media Network)


(NDF) ပါတီ ဥက္ကဌ ဦးအောင်မျိုးဝင်းနှင့်အဖွဲ့က နဂါးမောက်ကျေးရွာမှ လယ်သမား(၅၀)ကျော်နှင့် တွေ့ဆုံဆွေးနွေးနေစဉ်
ပဲခူးတိုင်း နဂါးမောက်ကျေးရွာက ဥယျာဉ်ခြံမြေ ဧက ၂၀၀၀ ကျော် အသိမ်းခံရ ပဲခူးတိုင်း နဂါးမောက်ကျေးရွာက ဥယျာဉ်ခြံမြေ ဧက ၂၀၀၀ ကျော် အသိမ်းခံရ Reviewed by သစ်ထူးလွင် on 08:42 Rating: 5

1 comment:

CHO said...

တကယ်လယ်ယာလုပ်ကိုင်နေတဲ့ဆင်းရဲသားတောင်သူလယ်သမားတွေရဲ့
ဥယျာဉ်ခြံမြေတွေကိုမသိမ်းသင့်ဘူး။တကယ်လိုက်သိမ်းရမှာကငွေထုပ်ပိုက်
ပြီးဈေးကစားနေတဲ့ဝိသမလောဘသားတွေရဲ့လက်ထဲကဥယျာဉ်ခြံမြေတွေ
ကိုတချက်လွှတ်အမိန့်နဲ့ကိုသိမ်းပစ်ရမှာ။ဒါမှမြေဈေးတွေတိုးကျလာမှာ။

Powered by Blogger.