လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည်

ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများကို  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပထမအကြိမ် လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နေ့မှ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှ နိုဝင်ဘာလ၂၅ ရက် နေ့အထိလည်းကောင်း ကျင်းပခဲ့ပြီး ရပ်နားထားခဲ့ရာ ယခုအခါ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော်မှ အကြီးတန်းအရာရှိတစ်ဦးက ''လာမယ့် လွှတ်တော် အစည်းအဝေးတွေကို ဇန်န၀ါရီလ တတိယပတ်အတွင်း ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။၂၀၁၂ ခုနှစ်အတွင်းမှာ လွှတ်တော်နဲ့ ကော်မရှင် အဓိက ဆောင်ရွက်သွားမှာက စီးပွားရေး ပြုပြင်ပြောင်း လဲဖို့အတွက် အဓိကကျတဲ့ဥပဒေတွေကို စိစစ် ပြင်ဆင် ပယ်ဖျက် အသစ် ပြဋ္ဌာန်းမှုတွေ ပြုလုပ်နိုင်ဖို့ဆိုတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တစ်နှစ်လုံး ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် နိုင်ငံခြား ငွေကြေးကိုင်တွယ်မှု ဥပဒေကို ပြင်ဆင်ပယ်ဖျက်နိုင်ဖို့ ဆောင် ရွက်နေတယ်။ ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန် ယာယီဥပဒေကို ဆန်းစစ်နေတယ်။ ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန် အထူးဥပဒေကို ဆန်းစစ်နေတယ်။ နောက်တစ်ခုက အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေကိုလည်း ဆန်းစစ်နေတယ်။ နိုင်ငံတကာ အနု ညာ တအငြင်းပွားမှုတွေကို ပြန်လည်ဆန်းစစ်နေတယ်။ လာမယ့် လွှတ်တော်မှာ အဆိုများ (သို့မဟုတ်) ဥပဒေကြမ်းများအဖြစ် တင်သွင်းနိုင်အောင် စီစဉ်နေပါတယ်''ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက''လွှတ်တော်ကတော့ ဥပဒေတွေကို ပြဋ္ဌာန်းတယ်။ ဥပဒေတွေ အမှန်တကယ် အသက်ဝင်ရေးက နည်းဥပဒေတွေ ထွက်လာဖို့လိုပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးရင် နည်းဥပဒေထုတ်ရမှာက သက်ဆိုင်ရာ ၀န်ကြီးဌာန အဖွဲ့အစည်းဖြစ်တဲ့အတွက် အချိန်အတိုင်း အတာ မပါပါဘူး။ ဥပဒေတွေ အမှန်တကယ် အသက်ဝင်အောင် ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရက ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ သက်ဆိုင်ရာကနေ နည်းဥပဒေတွေ ထွက်မလာတဲ့အတွက် ဥပမာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေနဲ့ လယ်ယာမြေ ဥပဒေဆိုရင် လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးအတည်ပြုထားပေမယ့် အသက်မ၀င်ဘူး ဖြစ်နေတယ်'' ဟု ပြောကြားခဲ့သည်။
အသစ်ပြင်ဆင် တင်သွင်းမည့် ဥပဒေများနှင့်ပတ်သက်၍ ''ဥပမာ နိုင်ငံခြားကပြန်လာလို့ ဖက်စ်ဖုန်းသယ်လာရင် လေဆိပ်မှာ အရေးယူခံရတယ်။ ဖက်စ်ဖုန်းဆိုတာ တစ်ကမ္ဘာလုံးမှာ သုံးနေတာ။ အဲဒါမျိုးတွေ ရှိနေတယ်။ ကားတင်သွင်းမှုနဲ့ ပတ်သက်ပြီး မတရားတာတချို့ ရှိ တယ်။ အခွန် ၁၆၀ ရာခိုင်နှုန်း ဖြစ်နေတာ၊ နောက်တစ်ခုက ငွေရှိရင် ကားစီးနိုင်ခွင့်ရှိရမယ်။ ကားအဟောင်း အပ်မှ၊ ဒေါ်လာဝင်ငွေရှိတဲ့ စီးပွားရေးသမားမှ၊ သင်္ဘောသား မှ ဆိုရင် ဘာမှမထူးဘူး။ ဒါမျိုးကို လွတ်လပ်စွာနဲ့ အခွန်တစ်ခုကို တရားဝင်သတ်မှတ်ပြီး သွင်းခွင့်ရသင့်တယ်။ နောက်တစ်ခုက စူပါမားကတ်တွေက ပစ္စည်းတွေကိုကြည့်ရင် အဲဒီပစ္စည်းတွေက အခွန်ဘယ်လောက် ဆောင်ထားလဲဆိုတာ မသိနိုင်ဘူး။ ပြည်တွင်းဖြစ် ပစ္စည်းတွေကို ကာကွယ်နိုင်ဖို့သူတို့တွေကိုအခွန်သေချာ စိစစ်နိုင်မယ့်ဥပဒေတွေ လိုတယ်။ အဲဒါမျိုးတွေ တင်မယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လာမည့်လွှတ်တော်တွင် တင်သွင်းမည့်ဥပဒေကြမ်းများကို ခေတ်နှင့်လျော်ညီသော ဥပဒေများဖြစ် ပေါ်လာစေရန် လက်ရှိပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများထက် ကျော်လွန်စဉ်းစားပြင်ဆင်မှသာ လူတန်းစားအားလုံးနှင့် လျော်ညီသည့် ဥပဒေ များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ 
EMG
လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည် Reviewed by သစ်ထူးလွင် on 10:21 Rating: 5

2 comments:

admin said...

သေချာတော့လုပ်ပေါ့ကွာ

Anonymous said...

လုပ်မယ်ထင်ဘူး လေဖမ်း ဒန်းစီးကြအုံးမှာ

Powered by Blogger.