လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း) လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည်

မြန်မာနိုင်ငံရှိ အာမခံအလုပ်သမားငါးသိန်းကျော်အတွက် အကျိုးခံစားခွင့်များ ရရှိနိုင်စေရန် လူမှုဖူလုံရေး ဥပဒေသစ်(မူကြမ်း)ကို ရေးဆွဲ၍ လာမည့် လွှတ်တော် အစည်းအဝေး ပွဲများတွင် တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ၌ ကျင်းပခဲ့သော Human Resource Development in ICT for Social Security Scheme အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
လာမည့် လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည့် လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း)တွင် ၂၀၀၈ အခြေခံဥပဒေ၌ ပါဝင်သော နိုင်ငံသား အခွင့်အရေး ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ခွင့်ခံစားခွင့်များ၊ အလုပ်မရှိသူများ၊ ပင်စင်စားများ၊ မသန်စွမ်းသူများ၊ မိခင်များ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၏ လူမှုဘဝဖူလုံရန်၊ ကျန်းမာရေး စောင့်ရှောက်နိုင်ရန်၊  စားဝတ်နေရေး အဆင်ပြေနိုင်စေရန်ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲရမည်ဖြစ်ပြီး ၎င်း လူမှုဖူလုံရေး ဥပဒေသစ်(မူကြမ်း)၌ နိုင်ငံရေးအခွင့်အရေးနှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ယခု တင်ပြမည့် လူမှုဖူလုံရေးဥပဒေ(မူကြမ်း) သည် ပထမဆုံးအကြိမ်ရေးဆွဲခြင်းဖြစ်သည့်အတွက် ပြည့်စုံဦးမည်မပာုတ်သေးဘဲ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များကပါ ပါဝင်ရေးဆွဲရန် လိုအပ်ကြောင်း ဥပဒေပညာရှင်တစ်ဦးက အကြံပြုပြောကြားခဲ့သည်။
ယခုရေးဆွဲမည့် လူမှုဖူလုံရေး ဥပဒေကြမ်းတွင် အာမခံထားသော အလုပ်သမား ငါးသိန်းကျော်၏ နာမကျန်းမှုများ၊ မီးဖွားမှုများ၊ သေဆုံးမှုများ၊ လုပ်ငန်း ခွင် မတော်မဆမှုများ၊  အလုပ်နှင့်ဆိုင်သောရောဂါများ ဖြစ်ပွားသည့်အခါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ၊ သက်ပြည့်အငြိမ်းစားခံစားခွင့်  ဝင်ငွေနည်းသည့် အာမခံအလုပ်သမားများ၏ သားသမီးများ ပညာသင်စရိတ်ခံစားခွင့်၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများ၌ ကျန်းမာရေးနှင့် ထောက်ပံ့ကူညီမှုများ ခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်း များတွင်နေထိုင်ခွင့် ၊ လူမှုဖူလုံရေးစနစ်များ၏ အကျိုးခံစား ခွင့်များကို ထည့်သွင်းရေးဆွဲထားကြောင်း ရန်ကုန်တိုင်းမ် သတင်းအရ သိရသည်။
By: သစ်ထူးလွင်
လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း) လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည် လူမှုဖူလုံရေးဥပဒေသစ်(မူကြမ်း) လာမည့်လွှတ်တော်စည်းဝေးပွဲများတွင် တင်ပြမည် Reviewed by သစ်ထူးလွင် on 10:11 Rating: 5

No comments:

Powered by Blogger.