ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း အပေါ် ကိုယ်စားလှယ်တို့က ဤသို့ရှုမြင်ကြသည်


သူရဦးရွှေမန်း ကိုယ်ရေးအကျဉ်း


မှတ်ပုံတင် - ၇/သကန(နိုင်)၀၀၇၉၅၂
မွေးသက္ကရာဇ် - ၁၁.၇.၁၉၄၇
ဇာတိ - ကညွှတ်ကွင်း၊ ဖြူးမြို့နယ်
ပညာအရည်အချင်း - B.Sc (D.S.A) ၊ H.G.P
အဘ - ဦးဖိုးဖေ (ကွယ်လွန်)၊ အမိ - ဒေါ်ဌေးရီ
ဇနီး - ဒေါ်ခင်လေးသက်၊ အ.ထ.ပြ (ငြိမ်း)
သားသမီး - ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်း
ပါတီ - ပြည်ခိုင်ဖြိုး
မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊
ဇေယျာသီရိမြို့နယ်
သင်ကြားခဲ့သောကျောင်းများ -
(၁) အ.မ.က၊ တောင်ပိုင်းရပ်၊ ကညွှတ်ကွင်း
(၂) အ.ထ.က ၊ ကညွှတ်ကွင်း
(၃) အမှတ်စဉ်(၁၁)ဗိုလ်လောင်းသင်တန်း၊ စစ်တက္ကသိုလ်၊ ပြင်ဦးလွင်
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ မှ မတ်လ ၃၀ ရက် အထိ ကျင်းပခဲ့ပြီး ဒုတိယပုံမှန်အစည်းအဝေးကို ဩဂုတ် ၂၂ ရက်မှ နိုဝင်ဘာ လဆန်းရက်များအထိ ကျင်းပလျက်ရှိရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် 'ပြည်သူ့အသံ-လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော် ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက်'ဟူသည့် ပြည်သူ့လွှတ် တော်၏ဆောင်ပုဒ်အတိုင်း 'လွှတ်တော် နိုင်ငံ ရေး'ကို အတူဆောင်ရွက်လျက်ရှိပြီး အပြန်အလှန် သိမြင်နားလည်မှုများ လည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။
သို့ဖြစ်၍ ရွေးကောက်ပွဲအပြီး တစ်နှစ်တာအတွင်း ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌအပေါ် ကိုယ်စားလှယ်တို့၏ ရှုမြင်ခံစားပုံကို
ဖော်ပြအပ်ပါသည်။
(နေရာအခက်အခဲကြောင့် ကိုယ်စားလှယ် လေးဦး၏အမြင်ကိုသာ ဖော်ပြခြင်းဖြစ်သော်လည်း ၎င်းတို့၏အမြင်မှာ ကျန်ကိုယ်စားလှယ် အများစုကိုယ်စား အဓိပ္ပာယ်သဘောတူသောကြောင့် ကိုယ်စား လှယ်များ၏အမြင်အဖြစ် မှတ်ယူနိုင်ပါသည်။)
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
ဒလမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းဦး
"သူက flexible ရှိလို့ ကျွန်တော်တို့ သဘောကျတယ်။ ကိုယ်စားလှယ်တွေအပေါ် နားလည်မှုအပေးနိုင်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်တယ်။ ပွင့်လင်းမှုလည်းရှိတယ်။ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်ရင် အများကြီး လိုက်လျောတယ်။ လွှတ်တော်နိုင်ငံရေး အစပိုင်းမှာကို ဒီလောက်အထိ ဖြစ်လာတဲ့အပေါ် ကျွန်တော်တို့က ကျေနပ်ပါတယ်။ "...သူ့မှာ လွှတ်တော်ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်တွေ ရှိသော်လည်း ကိုယ်စားလှယ်တချို့ရဲ့ မေးခွန်းတွေ၊ အဆိုတွေ သတ်မှတ် အချိန်ထက် ပိုကြာသွားတာမျိုးကို ဥက္ကဋ္ဌက မဖြတ်ဘဲ လိုက်လျောတာတွေ ရှိတယ်။ ပြည်သူ့အသံတွေကို အပြည့်အ၀ ကြားနာရဖို့ အတွက် နားလည်မှုပေးပြီး အချိန်ပိုခွင့်ပြုပေးတယ်။ အဆိုတစ်ခုကို ၀ိုင်းဆွေးနွေးကြရာမှာလည်း ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အရ ပါဝင်ဆွေးနွေးကြတဲ့ ကိုယ်စားလှယ် ဦးရေကို လျှော့ချလို့ရ ပေမယ့် ဒေသတွေက မတူတဲ့အတွက် ဖြစ်နေကြတဲ့ အခက်အခဲတွေလည်း မတူနိုင်တော့ ဒါတွေကို အားလုံးသိခွင့်ရမှ ပြည်သူအတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ ရှိလေတော့ ဥက္ကဋ္ဌအနေနဲ့ နားလည်စွာနဲ့ လိုက်လျောမှုတွေ ပေးခဲ့ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ သဘောကျပါတယ်"
အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခေါ်) ဦးခင်မောင်ရည်
"သူရဦးရွှေမန်းဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဆင်အပြေဆုံး ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ပါပဲ။ လွှတ်တော်ကလည်း အသစ်၊ ကိုယ်စားလှယ်တွေကလည်း အသစ်ဆိုတော့ တစ်ခါ တစ်ရံမှာ ဆောင်ရွက်ကြရတဲ့ကိစ္စတွေမှာ အပြန်အလှန်ပြောဆိုမှုတွေမှာ အမှား အယွင်းတွေ ရှိတယ်။ ဒါကို သူက နားလည်ခွင့်လွှတ်ပေးနိုင်တယ်။ လွှတ်တော်ကြီးကို အသက်ဝင်အောင်၊ အဆင်ပြေအောင် ထိန်းညှိ ပေးသွားနိုင်သူဆိုတာ သူ့လုပ်ရပ်တွေက ပေါ်လွင်စေပါတယ်။ "...သူ့ရဲ့အားနည်းချက်ဆိုလို့ ၀တ်စားဆင်ယင်မှုကိုပဲ ပြောရမှာပါ။ နိုင်ငံရေးအသိမှာရော၊ ဆောင်ရွက်မှုအပိုင်းမှာပါ သူက အားမနည်းပေမယ့် ၀တ်စားဆင်ယင်ပုံကတော့ အားနည်း နေသလားပဲ။ ပုဆိုးဆိုရင် ချည်ပုဆိုးပဲ ကြိုက်တယ်။ ပိုးပုဆိုး မ၀တ်ချင်ဘူးလို့ သူက ရိုးရိုးသားသားပဲ ပြောတယ်။ ပုဆိုးတိုတို ၀တ်တဲ့ အကျင့် ရှိတယ်။ ရှည်ရှည်ဝတ်ရင် ခလုတ်တိုက်လဲမှာ စိုးလို့ပါတဲ့။ ဒါဟာ သူ့ရဲ့ ချစ်ခင်လေးစားစရာကောင်းတဲ့ ရိုးသားမှုပါ"လို့ ဦးခိုင်မောင်ရည် က ပြောပါတယ်။ သူရဦးရွှေမန်းဟာ တပ်မတော်ရဲ့ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ခဲ့၊ နိုင်ငံတော်ရဲ့ ကြီးမားတဲ့တာဝန်တွေကိုလည်း ယူခဲ့ရသူဖြစ်လို့ အခုလိုလွှတ်တော်မှာ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ခေါင်းဆောင်ရပ်တည်ပြီး ကိုယ်စားလှယ်တွေအပေါ်မှာရော၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေအပေါ်မှာပါ ထိန်းညှိပေးမှုတွေဟာ ဒီမိုကရေစီ နည်းလမ်းကျကျ ဆောင်ရွက်နိုင်တယ်လို့ မြင်ပါသလားလို့ မြန်မာ တိုင်း(မ်)က မေးတဲ့အခါ သူက "ဥက္ကဋ္ဌကြီးဟာ တစ်ခါတစ်ရံမှာတော့ သူ့ကိုယ်သူ တပ်ကလာတာလို့ ပြောဆိုသုံးနှုန်းတာ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှသာ သုံးလေ့ရှိတာပါ။ သူ ဖြတ်သန်းခဲ့ရတဲ့ဘ၀ကို ထောက်ပြတဲ့သဘောပါ။ တကယ် တမ်း သူအပြော များတာက 'ကျွန်တော်လည်း ကိုယ်ရည်သွေးပြောရမယ်ဆိုရင် လယ်သမားသားသမီးပါ' လို့ပဲ ပြောလေ့ရှိပါတယ်။ "...ကျွန်တော်တို့အနေနဲ့ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ် '၈'လေးလုံး (ကျောင်းသားဟောင်းတွေ) ဖြစ်ခဲ့တာကို ပြောမိပါတယ်။ ကျွန်တော်တို့ကို '၈'လေးလုံး သောင်းကျန်းသူတွေလို့ အပြောခံရတဲ့အခါ မခံနိုင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီးက ကျွန်တော့ကို 'ရင်ထဲမှာ အမာရွတ်တွေရှိသေးသလား'လို့ ပွင့်ပွင့်လင်းလင်း မေးပါတယ်။ အဲဒီလို မေးနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ် နှိုက်က သူ့ကိုယ်သူ 'ဒီမိုကရေစီ ဘက်တော်သား အပေါင်းတို့'လို့ ရဲရဲတင်းတင်း ပြောပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ မရှိဘဲ ဒီမိုကရေစီကျကျ ကျင့်သုံးကြဖို့ သူက အမြဲတိုက်တွန်းလေ့ရှိသလို သူကိုယ်တိုင်ကလည်း ကျင့်သုံးနေသူလို့ မြင်ပါ တယ်"
ဦးစိုင်းဆောင်ဆီ (ခေါ်) ဦးအယ်လ်ဆင်၊ ကျောက်မဲ မဲဆန္ဒနယ်
"ဦးရွှေမန်းအပေါ် အသားလွတ် ဝေဖန်တာ ထက်စာရင် ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ ဂျွန်မက်ကိန်း လွှတ်တော်ကို လာတုန်းက ဥက္ကဋ္ဌနဲ့ရော ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ပြီးကြတဲ့အခါ အခုလို စကားဝိုင်းထိုင် ဖြစ်ကြတယ်။ ဥက္ကဋ္ဌကြီးကို ကျွန်တော်က 'လူထု အတွက် ဥပဒေပြုရေးအပိုင်းမှာ ဥက္ကဋ္ဌကြီးက တကယ့်စေတနာနဲ့ စိတ်အားထက် သန်စွာနဲ့ ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အားကိုးယုံကြည်မိပါတယ်' လို့ ပြောလိုက်တော့ သူက 'ကျွန်တော့ကို ဒီလို ဝေဖန်တဲ့အတွက် ကျေးဇူးတင်တယ်။ ကျွန်တော့ဘက်ကလည်း ပြောစရာရှိတယ်။ ကျွန်တော်တို့ဟာ အရင်အစိုးရကနေလာတာ ဆိုတော့ လူတွေရဲ့အမြင်မှာ ဒီလိုပဲထင်ကြ မယ်။ အရင်က န.အ.ဖက လာတဲ့လူတွေပေါ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့အလုပ်ကို လူထုအတွက် ပီပီပြင်ပြင် လုပ်ပါ့ မယ်။ ကျွန်တော့ကို အားကိုးသလို အားကိုးထိုက်တဲ့လူတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားပါမယ်"လို့ ပြန်ဖြေခဲ့တယ်။ "သူ့ရဲ့ လက်တွေ့လုပ်နည်းလုပ်ဟန်တွေ အပေါ်မှာလည်း ကျွန်တော်တို့ကျေနပ်ပါတယ်။ အလုပ်မှာ သူ့ရဲ့ စေတနာက ပေါ်လွင်ပါတယ်။ တကယ်တမ်းဆိုရင်အခုလွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေနဲ့ ဥက္ကဋ္ဌကြီးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆောင်ရွက်ရတဲ့အလုပ်တွေမှာ သူက မခြွင်းမချန် ဆောင်ရွက်ပေးတာတွေ ရှိတယ်။ ဥပမာ - နေပြည်တော်စည်ပင် ဧည့်ရိပ်သာမှာ ဧည့်ရိပ်သာရဲ့စည်းကမ်းပိုင်း တချို့နဲ့ အဆင်မပြေမှုတွေနဲ့ ကိုယ်စားလှယ်တွေ ကြုံရတဲ့အခါ သူကိုယ်တိုင် လိုက်လာပြီး အဆင်ပြေအောင် စီစဉ်ပေးတာမျိုးတွေ၊ ဒေသခံမဲဆန္ဒရှင်ပြည်သူတွေက ကိုယ်စားလှယ်ကတစ်ဆင့် တိုင်ကြားမှုအပေါ် အစ-အဆုံးတိုင် အရေးတယူဆောင်ရွက်ပေးတာ မျိုးတွေ ရှိတဲ့အတွက် ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်"
ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်
"ဥက္ကဋ္ဌကြီးက ပြောတယ်။ သူဟာ ပါတီခေါင်းဆောင်အဖြစ် လွှတ်တော်မှာ မရပ်တည်ဘဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် လွှတ်တော် နိုင်ငံရေး ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့တဲ့အတွက် အခုလို လွတ်ငြိမ်းချမ်းသာခွင့်အဆိုမျိုးတွေ အောင်မြင်တယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ကြိုးပမ်းမှုက တစ်ဝက်ပါခဲ့ရင် သူ့ခေါင်းဆောင်မှုက တစ်ဝက်ပါတယ်လို့ ဆိုရမယ်။ "...အခု သူ့ဆောင်ရွက်ချက် အားလုံး ကို ခြုံကြည့်ရင် လွှတ်တော်အတွင်းမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အကောင်းဆုံးကိုယ်တွယ်သွားနိုင်တဲ့ ဥက္ကဋ္ဌကောင်းတစ်ဦး ဖြစ်ပြီး တိုင်းပြည်အတွက် အကောင်းဆုံးအဖြေတွေရအောင် ကြိုးစားနေသူဖြစ်တယ်ဆိုတာ တွေ့ရတယ်။ သူပြောနေကျစကားနဲ့ ပြောရရင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးစီးပွားအတွက် အစွမ်းကုန် အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ဟောင်းတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ "...လောကမှာ ဘယ်သူမှ perfect မဟုတ်ဘူး။ ဒါကြောင့် တော်တော်များများက လွှတ်တော်အတွေ့ အကြုံတွေ နုနယ်သေးတဲ့ အခုလိုအချိန်မှာ သူက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလိုကိုလိုက်ပြီး ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ ဒါကို အားနည်းချက်လို့ ပြောရင်ရမှာပါ။ ဒီနေ့ပဲ ထမင်းစားခန်းမှာ ကျွန်တော် သူ့ကို အလွတ်သဘော အကြံပြုခဲ့ပါတယ်။ နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းတွေ အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ်ရှိဖို့ မေးတဲ့သူတွေရော ဖြေတဲ့သူ တွေကိုပါ ဥက္ကဋ္ဌကြီးက တိုက်တွန်းစေလိုပါတယ်လို့။ "...တချို့မေးခွန်းတွေဟာ ဇယား -၂ အရ တိုင်းဒေသကြီး လွှတ်တော်တွေမှာ မေးရမှာဖြစ်တယ်။ ဒီမှာ မေးခွင့်ပြုလိုက်တော့ အချိန်အတော်များများကုန်တယ်။ အဖြေတွေမှာ အချိန်ထပ်အစည်းအဝေးတွေမှာ ဘယ်လိုလုပ်သင့်သလဲဆိုတာ အကြံပေးလိုကြောင်း သူ့ကို ပြောဖြစ်ပါတယ်။ ဒါတွေကို ဥက္ကဋ္ဌကြီးက သိသော်လည်း အကြောင်း ကြောင်းကြောင့် အခွင့်အရေးပေးတဲ့ သဘောလို့ နားလည်မိပါတယ်။ "...အရေးတကြီး ပြင်စေလိုတဲ့ အချက်ကတော့ လွှတ်တော် ဆိုတာ Debate ပါ။ အပြန်အလှန်ဆွေးနွေးမှုပါ။ စကားအချေအတင်ပြောတဲ့အဆင့်ကို ရောက်အောင်သွားဖို့လိုပါတယ်။ လွှတ်တော် ရေးရာကော်မတီတွေလည်း ဖွဲ့ထားပြီးပါပြီ။ အဲဒီကော်မတီတွေပါ တကယ် အလုပ်လုပ်လာကြရင် ကျွန်တော် ယုံကြည်ပါတယ်။ ပြည်သူ့ လွှတ်တော်ကို လူထုက ပိုမိုယုံကြည် အားကိုးလာတဲ့ လွှတ်တော်ဖြစ်လာအောင် ဥက္ကဋ္ဌကြီးက လုပ်ပေးနိုင်ပါလိမ့်မယ်"

အင်တာဗျူး --- စိုးသန်းလင်း --- မြန်မတိုင်း(မ်)


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း အပေါ် ကိုယ်စားလှယ်တို့က ဤသို့ရှုမြင်ကြသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း အပေါ် ကိုယ်စားလှယ်တို့က ဤသို့ရှုမြင်ကြသည် Reviewed by သစ်ထူးလွင် on 12:35 Rating: 5

1 comment:

Anonymous said...

မိမိ မိသားစု ... တသက်စားမကုန် .. အောင် ကြိုးစားခဲ့ကြပြီးသူ အာဏာရှင် ဟောင်းများ .. တိုင်းပြည်နှင့်ပြည်သူ များအတွက် တကယ့် စိတ်ထားမှန်မှန် နှင့် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ပေးဘို့ အချိန်ပါ။ ၇၀ တန်းရောက်နေကြတဲ့ စစ်ဗိုလ်ဟောင်းကြီးများ ... ကိုယ်သေရင် ပါသွားမှာက ကုသိုလ် အကုသိုလ် ... ချန်ထားမှာက နာမည်ကောင်း နာမည်ဆိုးတွေပါ .. မြန်မာပြည်ကြီး .. အင်မတန်ခေ တ်နောက်ကျစွာ ကျန်နေပါတယ် ...

Powered by Blogger.