ကော်မရှင်ဖွဲ့ကာစစ်ဆေး၍ ဆောင်ရွက်ချက်မှားယွင်းကြောင်း ဆုံးဖြတ်လျှင် နာခံဖို့အသင့်ဟု ဦးခင်အောင်မြင့် ပြောကြား

အမျိုးသားလွှတ် တော်ဥက္ကဋ္ဌလည်းဖြစ်သူ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်
ပြည်ထောင်စုလွှတ်တော်တွင် အတည် ပြုခဲ့သော ဆုံးဖြတ်ချက်တစ်ရပ်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယကက 'ကော်မရှင်တစ်ရပ် ဖွဲ့စည်းစေပြီး သက်ဆိုင်ရာ ဥပဒေပညာရှင်များကို ဖိတ်ခေါ် ကြားနာ၍ ကော်မရှင်ရဲ့တွေ့ရှိချက်အရ နာယကရဲ့ ဆောင်ရွက်ချက်မှားယွင်း ကြောင်း ဆုံးဖြတ်ပါက နာခံရန်အသင့် ဖြစ်ကြောင်း' နိုဝင်ဘာလ ၂ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ ပြောကြားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်ခဲ့သည့် 'ပြည်ထောင်စုလွှတ်တော် အတည် ပြုသော သို့မဟုတ် အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ဥပဒေကြမ်းများကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ရေးအတွက် ပေးပို့ခြင်း မပြုမီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက စိစစ်ပေးရေး'ဟူသောအချက် ကို အတည်ပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် အခွင့်အရေးကော် မတီမှတစ်ဆင့် ကန့်ကွက်သည့်အဆို တင်သွင်းခဲ့ခြင်း အပေါ် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌလည်းဖြစ်သူ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
"ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ထမ်းဆောင်နေသူဟာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတဲ့အတွက် မိမိ ရဲ့လွှတ်တော် ကို ဥပဒေကြောင်းအရ သိသင့်သိထိုက်သမျှ သဘောရိုးနဲ့ ပြန်လည်တင်ပြခြင်းသာဖြစ်ပြီး တုံ့ပြန်ခြင်းမဟုတ်ကြောင်းနဲ့ တန်ပြန် အင်အားရရှိရေး စည်းရုံးခြင်းလုံးဝမဟုတ်ကြောင်း ပြောကြားလိုပါတယ်"ဟု ဦးခင်အောင်မြင့်က ဆိုသည်။
အဆိုပါဆုံးဖြတ်ချက်သည် နာယက ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အတိုင်းဖြစ်ပြီး 'လွှတ်တော်လုပ်ငန်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိ စေရန် ကြပ်မတ်ခြင်း' ဖြစ်ကြောင်း၊ ယင်း သို့ ဆောင်ရွက်ခြင်းသည် နည်းဥပဒေနှင့် အညီဖြစ်၍ လွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုအပ်ကြောင်း ၎င်းက ပြောသည်။
"နာယကတစ်ဦးတည်းသဘောနဲ့ ဆောင်ရွက်နိုင်သော်ငြားလည်း လွှတ်တော်ရဲ့သဘောထားရယူပြီး ဆောင်ရွက်ခြင်းက မွန်မြတ်တဲ့ သဘောကို ဆောင်မယ်လို့ ယူဆပြီး ဆောင်ရွက်ပါတယ်။ အဆိုတစ်ရပ်မဟုတ်သည့် အတွက်တင်သွင်းသူ၊ ထောက်ခံသူ၊ ဆွေး နွေးသူနဲ့ မဲခွဲဆုံးဖြတ်ခြင်းတို့ မလိုအပ် သည့်ကိစ္စ ဖြစ်ပါတယ်"ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိ/မရှိသံသယရှိပါက ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ် ရယူရ မည်ဆိုသည်မှာ လုပ်ငန်းစနစ်တစ်ရပ်ဖြစ်ပြီး အဆို တစ်ရပ်မဟုတ်ကြောင်း ယခင်အစိုးရ လက်ထက်က ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးခင်အောင်မြင့်က ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်ကျင်းပစဉ် ယင်းအချက်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ခဲ့စဉ်က ပြောကြားခဲ့သည်များကို ၎င်းက ပြန်လည်ဖတ်ပြ ခဲ့သည်။ ထိုနေ့က ယင်းအချက်ကိုအတည်မပြု မီ 'သဘောတူပါသလားခင်ဗျား'ဟု သုံး ကြိမ်မေးခဲ့ကြောင်း၊ 'သဘောမတူသူရှိ ပါသလား' ဟု မေးမြန်းရမည်ဟု ပြဋ္ဌာန်းချက်မရှိကြောင်း၊ ပြဋ္ဌာန်းချက်မဟုတ်၍ ဥပဒေနှင့်မညီဟု ပြောရင်မှားကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က ၎င်းထံ နိုဝင်ဘာလ ၁ ရက် နေ့ရက်စွဲဖြင့် အသိပေးစာပေးပို့ခဲ့ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင် ရာကိစ္စကို ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ်တင်ကာ ချက်ချင်း ဆွေးနွေးဆုံးဖြတ်မည်ဟု မထင်ခဲ့ ကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
"လွှတ်တော်နှစ်ရပ်စလုံးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်မပြု သေးသမျှ တစ်ခြမ်းပဲ့အဖြေပဲ ဖြစ်ပါတယ်။ "တစ်ခြမ်းပဲ့ ဆုံးဖြတ် ချက်နဲ့ နာယက အပေါ် ပုတ်ခတ်ဝေဖန်မှုများရှိခဲ့ရင် နာယကအနေနဲ့ ပြစ်ဒဏ်ပေးလို့ရပါ တယ်။ သို့သော် မသိနားမလည်လို့ ကျူး လွန်တာဆိုရင်တော့ သဘောထားကြီး စွာ ခွင့်လွှတ်ပါတယ်" ဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆိုသည်။
ယင်းသို့ ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်က အတည်ပြုကြောင်းနှင့် ပြည်သူ့ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်ခင်ဝိုင်းကြည်က တင်သွင်း ကာ ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကြ သည်။ ယင်းအဆိုကို မတ်တတ်ရပ်ဆန္ဒပြု ကြရာ ကိုယ်စားလှယ် အားလုံးက မတ် တတ်ရပ်ပြီး ထောက်ခံခဲ့ကြသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၄၄ ရက်မြောက်နေ့ (နိုဝင်ဘာလ ၂ ရက်နေ့)တွင် ခေတ္တရပ်နားပြီး ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းများ ပြန်လည်ပေးပို့သည့် အခါမှသာ ပြန်လည်စတင်မည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ကြေညာ ခဲ့သည်။
ရွှေယင်းမာဦး---မြန်မာ့တိုင်း(မ်)
ကော်မရှင်ဖွဲ့ကာစစ်ဆေး၍ ဆောင်ရွက်ချက်မှားယွင်းကြောင်း ဆုံးဖြတ်လျှင် နာခံဖို့အသင့်ဟု ဦးခင်အောင်မြင့် ပြောကြား ကော်မရှင်ဖွဲ့ကာစစ်ဆေး၍ ဆောင်ရွက်ချက်မှားယွင်းကြောင်း ဆုံးဖြတ်လျှင် နာခံဖို့အသင့်ဟု ဦးခင်အောင်မြင့် ပြောကြား Reviewed by သစ်ထူးလွင် on 12:50 Rating: 5

No comments:

Powered by Blogger.